မန္တလေးသတင်း

တောင်သာတောင် သစ်တောကြိုးဝိုင်းမှာ သစ်ခုတ်ယူနေမှုတွေကို တားဆီးကာကွယ်သွားမယ်လို့ ဆို

MN/MFP ၊ အောက်တိုဘာ – ၁၃

မန္တလေးတိုင်း၊ မြင်းခြံခရိုင် တောင်သာမြို့နယ်ရှိ တောင်သာတောင် သစ်တောကြိုးဝိုင်းအတွင်းမှ တရားမဝင် သစ်ခုတ်ယူနေတာတွေကို တားမြစ်တဲ့အနေနဲ့ အောက်တိုဘာ ၁၃ ရက် ဒီကနေ့ကစတင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အချိန်မရွေးပစ်ခတ်ပြီး ကာကွယ်ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။

တောင်သာမြို့အရှေ့ဖက်ရှိ တောင်သာတောင် သစ်တောကြိုးဝိုင်းအတွင်းက သစ်တွေကို စစ်အုပ်စုက ကိုယ်ကျိုးစီးပွားအတွက် ခုတ်ယူခွင့်ပြုထားတာနဲ့ပတ်သက်ပြီး သစ်တောနဲ့ သဘာဝသယံဇာတထိန်းသိမ်းစောင့်ရှောက်တဲ့ လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ကာ ထိန်းသိမ်းစောင့်ရှောက်သွားမှာဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။

ဒါ့အပြင် ထုတ်ပြန်အသိပေးချက်ကိုမလိုက်နာဘဲ သစ်တောတွင်းဝင်ရောက်ကာ သစ်၊ ထင်း၊ တိုင် စတဲ့ သစ်တောထွက်ပစ္စည်းတွေ ခုတ်ယူချိန် ဗုံးစနဲ့ ကျည်စထိမှန်ပါက တော်လှန်ရေးတပ်ဖွဲ့တွေ တာဝန်ယူမှာမဟုတ်ဘဲ ကျူးလွန်လုပ်ဆောင်သူတွေရဲ့ တာဝန်သာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

“အသိပေးကြေညာချက်ကို လိုက်နာဆောင်ရွက်မှုမရှိ မိမိအတ္တအကျိုးကြည့်ပြီး ထံမံကျူးလွန်ခဲ့လျှင် ဗုံးစ၊ ကျည်စ ထိမှန်ပါက မိမိတို့ တော်လှန်ရေးအင်အားစုများ၏ တာဝန်မဟုတ်ကြောင်း၊ လိုက်နာပူးပေါင်းဆောင်ရွက်မှုမရှိသူများ၏ တာဝန်သာဖြစ်ကြောင်း၊ သတင်းအရ ကြားသိထားသော ဥယျာဉ်ရွာ၊ သဖန်းပင်တောရွာ၊ ကွမ်းခြံရွာ၊ သပြေပင်ရွာနှင့် တောင်သာမြို့ အမှတ်(၂) ရပ်ကွက်မှ ပြည်သူများ ပူးပေါင်းဆောင်ရွက်မှုနှင့် လိုက်နာနိုင်ရန် အသိပေးကြေညာချက် ထုတ်ပြန်လိုက်ပါသည်” လို့ တောင်သာမြို့နယ် ပအဖ သယံဇာတနဲ့သစ်တောထိန်းသိမ်းရေးတာဝန်ခံ၊ ပကဖ တို့က လက်မှတ်ထိုးပြီး ထုတ်ပြန်ထားပါတယ်။

တောင်သာတောင် သစ်တောကြိုးဝိုင်းအတွင်းက သစ်တွေကို စစ်အုပ်စုနဲ့ ကိုယ်ကျိုးကြည့် စီးပွားရေးသမားတွေက စည်းကမ်းမဲ့ခုတ်ယူနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ အသိပေးကြေညာချက် ထုတ်ပြန်ပြီးချိန်မှစပြီး သစ်တောအတွင်း သွားလာတာတွေမလုပ်ဆောင်ဖို့နဲ့ အသိပေးချက်ကို မျက်ကွယ်ပြုပြီး တောင်သာတောင် စိမ်းလန်းစိုပြေရေးနဲ့ သဘာဝသယံဇာတပျက်စီးစေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသူတွေကို ထိရောက်စွာအရေးယူသွားမှာဖြစ်တယ်လို့လည်း တောင်သာမြို့နယ် တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

တောင်သာတောင်သာ စစ်အုပ်စုအထိုင်ချတပ်စွဲထားတဲ့ တောင်သာမြို့အရှေ့ဖက်မှာတည်ရှိပြီး စစ်အုပ်စုက တော်လှန်ရေးတပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်ပါက မြင်ကွင်းရှင်းလင်းစေဖို့အတွက် ကျည်ကွယ်မျက်ကွက်ဖြစ်နေတဲ့ သစ်ပင်တွေကို ဒေသခံကိုယ်ကျိုးစီးပွားရှာသူတွေနဲ့ ပူးပေါင်းကာ ခုတ်ယူနေတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက ဆိုကြပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button