မကွေးသတင်း

ပေါက်နယ်မှာ စစ်အုပ်စုက တယ်ပင်ရွာက ဒေသခံတစ်ရာကျော်ကို ဖမ်းဆီးကာ သုံးဦးကိုသတ်ဖြတ်

မယ်ပ/MFP၊ အောက်တိုဘာ – ၁၃

မကွေးတိုင်း၊ ပေါက်မြို့နယ် အနောက်ခြမ်းက တယ်ပင်ရွာကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ အင်အား သုံးရာကျော်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံတစ်ရာကျော်အထဲက သုံးဦးကို  သတ်ဖြတ်သွားတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက MFP ကို ပြောပါတယ်။

ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အခြေစိုက် (ကပစ-၂၄)က ထွက်လာတဲ့ စစ်အုပ်စုရဲ့အကြမ်းဖက်စစ်ကြောင်းဟာ တယ်ပင်ရွာနဲ့ အုန်းမှင်ရွာတွေကို ဝင်ရောက်စီးနင်းကာ ဒေသခံတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

တယ်ပင်ရွာကို ဝင်ရောက်နေတဲ့ စစ်အုပ်စုတွေဟာ  ပြည်သူ ၁၀၀ ကျော်ကို ဓားခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခဲ့ပြီးနောက် အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

” ကပစ ၂၄ကနေပြီးတာ့ ထွက်လာတဲ့ စစ်ကြောင်း ဒီလ ၇ရက်၊ ၈ရက်လောက်က စစ်ကြောင်းစထွက်လာပြီး တယ်ပင်တို့ အုန်းမှင်တို့ကို ဝင်ကောက်လာတာ။ မနေ့ကတော့ တယ်ပင်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ သုံးဦးကို သတ်ပစ်ခဲ့တယ်။ အမျိုးသား နှစ်ဦးရယ်။ အမျိုးသမီး တစ်ဦးရယ်။ မနေ့ကတော့ ပြည်သူတွေကတော့ ရှောင်တိမ်းနေကြတယ်။ မနေ့က တယ်ပင်ရွာက ဖမ်းသွားတဲ့ ပြည်သူတွေရှိတယ်။ ဒီနေ့ပြန်လွတ်လာတယ်လို့ ပြောတယ်။ စစ်ကြောင်းကလည်း ဒီနေ့ နောက် ဆုတ်သွားတယ်လို့ သိရတယ်။ အသေးစိတ်တော့ ဆက်လက် စုံစမ်းနေဆဲပါ ”  လို့ ပေါက်မြို့နယ် ဒေသခံ ကိုလရောင်က ပြောပါတယ်။

လတ်တလော အခြေအနေအရ သတ်ဖြတ်ခံထားရတဲ့ ဒေသခံတွေရဲ့ နာမည်နဲ့ အသေးစိတ် အခြေအနေကိုတော့ လုံခြုံရေး အခြေအနေအရ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။

အဲဒီစစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာ တယ်ပင်ရွာနဲ့ အုန်းမှင်ရွာတွေက စစ်ကြောင်းပြန်ထွက်ချိန်မှာ ဖမ်းဆီးထားတဲ့ ပြည်သူ ၁၀၀ ကျော်ကို ပြန်လွတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ စစ်အုပ်စုစစ်ကြောင်းတွေ ရွာတွေကို ထပ်မံစီးနင်းလာမှာ စိုးရိမ်တာကြောင့် ဒေသခံတွေအနေနဲ့ နေအိမ်တွေကို မပြန်ကြသေးဘဲ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်က လက်ပံတို ရေနံမှော်နဲ့ မြိုင်မြို့နယ်က ကျောက်ခွက်ရေနံမှော်​တို့ကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ​ကြောင့် နေအိမ်တွေထိခိုက်ပျက်စီးခဲ့ပါတယ်။

ပေါက်မြို့နယ် ပေခုနစ်ပင်ရွာကို အခုနှစ် ဩဂုတ်လမှာ စစ်အုပ်စုမီးရှို့ဖျက်ဆီးခဲ့ပုံ။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button