စစ်ကိုင်းသတင်း

ကလေး-တမူးလမ်းပေါ်က ကံသာယာရွာကို လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် တော်လှန်အင်အားစုတွေ လက်လွှတ်ခဲ့ရ

ကိုသူ/MFP၊ အောက်တိုဘာ – ၁၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း (ကလေး -တမူး ) လမ်းမကြီးပေါ်က တော်လှန်‌ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကံသာယာကျေးရွာကို စစ်အုပ်စုက တကျော့ပြန်ထိုးစစ်ဆင်လာကြောင့် အောက်တိုဘာလ ၁၂ ရက်မှာ လက်လွှတ်လိုက်ရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကလေး-တမူး လမ်းမကြီးဘေးမှာရှိတဲ့ ကံသာယာကျေးရွာဟာ စစ်အုပ်စုရဲ့ လေ့ကျင့်ရေးတပ်ဖြစ်တဲ့ တကက -၁၀နဲ့ ကလေးအကျဉ်းထောင် အနီးမှာတည်ရှိပြီးတော့ တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လအတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေက တစ်နှစ်ကျော်အကြာ သိမ်းပိုက်ပြီးနောက် အောက်တိုဘာလ ၁၂ ရက်မှာ လေကြောင်း၊ ဒရုန်းတိုက်ခိုက်မှုတွေ အပါအဝင် အင်အား ၈၀၀ခန့်ပါတဲ့ စစ်အုပ်စု စစ်ကြောင်းနှစ်
ကြောင်းနဲ့ အလုံးအရင်းနဲ့ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။

သာလွန်အင်အားနဲ့ ထိုးစစ်ဆင်လာတာအပြင် လုံခြုံရေး ကျိုးပေါက်မှုနဲ့ လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် ထိန်းချုပ်ထားရာကနေ ပြန်လည်လက်လွှတ်လိုက်ရတယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“အဓိက တော့ လုံခြုံရေးကျိူးပေါက်သွားတာပါတယ်။ ဖမ်းထားတဲ့အထဲက တယောက်လက်နက်ယူပြီး စစ်တပ်နဲ့ပေါင်းသွားတယ်။ သူက ယုံကြည်ရတယ်ဆိုပြီး ရှေ့တန်းထားရာကနေ စစ်တပ်နဲ့ ပေါင်းသွားတာ၊ဆုတ်လမ်းတွေ သိသွားတာလဲပါတယ်။ တိုက်ပွဲကတော့ ဖြစ်တာကြာပြီ။ အဲ့ဒီနေရာကို လေကြောင်းနဲ့ တကြိမ်လာကြဲတယ်။ အင်အားက ၈၀၀ လောက်ပါတယ်။ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးတာ။ အထိနာမှာရယ် ၊လက်နက်မလုံလောက်လို့ ပြန်ဆုတ်လိုက်တာ “

ဒီလို လက်လွှတ်လိုက်ရတာက စစ်အုပ်စုတပ်တွေက ကံသာယာရွာကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေးအင်အားစုတွေရဲ့ စခန်းအတွင်းမှာရှိတဲ့ အဝတ်အစားနဲ့ သိုလှောင်ထားတဲ့ ရိက္ခာတချို့ကို ယူဆောင်သါားတယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ဆက်ပြောပါတယ်။
“တိုက်ပွဲက အထိအခိုက်တော့ မရှိပါဘူး၊အသုံး အဆောင်နဲ့ ဆန် ၊ဆီ၊ဆား တချို့ တော့ ပါသွားတယ်။ယူနီဖောင်းတွေ ပါသွားတယ်”

စစ်အုပ်စုတပ်တွေက ကံသာယာကျေးရွာကနေတဆင့် ကလေး-တမူးလမ်းမကြီးကို ထိုးစစ်ဆင်လာနိုင်တာကြောင့် လမ်းမကြီးဘေးရှိတဲ့ ကံသာယာ၊ ကံကြီး၊ မော်လိုက်ကလေးတောင်ရွာ၊ မော်လိုက်ကလေး မြောက်ရွာ၊ မော်လိုက်ကလေးရွာသစ်၊ နန်းစောင်းပု၊ နန်းဟံနွဲ့၊ ကြံစက်ကုန်း၊ ၅၆ မိုင် ကျေးရွာ စတဲ့ ကျေးရွာ ပေါင်း ဆယ်ရွာကျော်က ဒေသခံသောင်းနဲ့ချီ ဘေးလွတ်ရာကို ပြောင်းရွှေ့နေရတယ်လို့ ဆိုကြပါတယ်။

ကလေးမြို့နယ်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေက ကံသာယာ စစ်အုပ်စုစခန်း အပါအဝင် ရာဇဂြိုလ် ရာ (၁) ၊ ရာ (၂ ) အကျဉ်းထောင်နဲ့ စစ်အုပ်စုစခန်း ၊ရန်ကြီးအောင် စစ်အုပ်စုစခန်း ၊နန်းစောင်းပုစစ်အုပ်စုစခန်း ၊ကံကြီး စစ်အုပ်စု စခန်း ၊မြောက်စည်းရွာ ရဲစခန်း ၊ကမ်းပါးနီ စစ်အုပ်စုစခန်း စတဲ့ စစ်အုပ်စု စခန်းတွေကို သိမ်းခိုက် သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button