အီသာရမ်/MFP ၊အောက်တိုဘာ-၁၄
မကွေးတိုင်း၊ မြိုင်နယ်နဲ့ပေါက်နယ်တို့ကို စစ်အုပ်စုက လေကြောင်းကနေ နေ့စဉ်ဗုံးကြဲသတ်ဖြတ်နေလို့ နှစ်ပတ်အတွင်းပြည်သူ ၅ ဦး အနည်းဆုံးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မြိုင်နယ်နဲ့ပေါက်နယ်အစပ်ကကျေးရွာတွေကို စစ်အုပ်စု အခြေစိုက်ထားတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ တတ်လာတဲ့ ဂျိုင်ရိုကော်ပတာနဲ့ ပခုက္ကူတပ်မ -၁၀၁ က တတ်လာတဲ့ ပါရာမော်တာ၊ Y-12 နဲ့ ဖိုက်တာစတဲ့ လေကြောင်းကနေ ပုံစံမျိုးစုံ ဗုံးကြဲသတ်ဖြတ်နေတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခြေအနေက မကောင်းပါဘူး။ ဆက်တိုက်ကိုလာနေတာ အခုမနက်လည်း ပေါက်အနောက်ခြမ်းကြဲသွားတာ၊ဂျိုင်ရိုကော်ပတာနဲ့ကြဲတာက နှစ်ရက်ဆက်တိုက် အရင်ရက်က အမျိုးသားနှစ်ယောက်သေတယ် နောက်ရက်က လင်မယားနှစ်ယောက်သေတာ ကလေးကကျန်ခဲ့တယ် ဆေးကုနေရတယ်ပြောတယ်။ မနေ့ကမနက်က ကြဲတာကလည်း လက်ဖြတ်လိုက်ရတယ်ပြောတယ်”
ဒီနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်မှာလည်း ပေါက်မြို့နယ် အနောက်မြောက်ခြမ်း ထီးလင်းနယ်အစပ်ကိုလည်း တံတားဦးလေဆိပ်ကနေ တတ်လာတဲ့ Y-12 အမျိုးအစားလေယာဉ်နဲ့ ဗုံးသီး အလုံးရေ ၄၅ လုံးခန့်ကြဲချတိုက်ခိုက်သွားပေမဲ့ ထိခိုက်ဒဏ်ရာရတဲ့အခြေအနေ ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်အုပ်စုက အောက်တိုဘာလ ၇ ရက်နေ့ကလည်း နမခကနေ တတ်လာတဲ့ ဂျိုင်ရိုကော်ပတာနဲ့ဗုံးကြဲတိုက်ခိုက်ရာမှာ အမျိုးသားနှစ်ဦး နေရာမှာတင် သေဆုံးခဲ့ပြီး၊ အောက်တိုဘာလ ၈ ရက်နေ့ ဗုံးကြဲသတ်ဖြတ်မှုမှာ တေ့ာ လင်မယားနှစ်ဦးသေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာတွေနဲ့ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ဂျိုင်ရိုကော်ပတာ သုံးစီးက နေ့စဉ်နီးပါး ပျံတတ်ကာ တော်လှန်ရေးနယ်မြေတွေကို ဦးတည်ဗုံးကြဲနေတာ ဖြစ်ပါတယ်။
လက်ရှိ အညာဒေသမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့ ဂျိုင်ရိုကော်ပတာဟာ မိုင် ၆၀ ဝန်းကျင်ထိပျံသန်းနိုင်တာကြောင့် နမခနဲ့ မိုင် ၅၀ ခန့်အကွာမှာရှိနေတဲ့ မကွေးတိုင်းထဲက ပေါက်၊ မြိုင်၊ ပခုက္ကူနဲ့ရေစကြို နယ်တို့က ပြည်သူတွေ လေကြောင်းရန်သတိနဲ့နေထိုင်ကြဖို့ တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
အောက်တိုဘာလ ၁၂ ရက်က ပေါပ်နယ်၊ လက်ပံတိုရေနံမှော် လေကြောင်းတိုက်ခိုက်ခံရပုံ။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



