ထက်ဖြိုး/MFP ၊ အောက်တိုဘာ – ၁၄
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထန်းတပင်ရွာကို စစ်အုပ်စုစစ်ကြောင်းက အောက်တိုဘာလ ၉ ရက်မှာ ဝင်ရောက်စစ်ကြောင်းထိုးပြီးနောက် အမျိုးသား ၂၉ ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် ပြည်သူနှစ်ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကန့်ဘလူနယ် တောင်ခြမ်း ဇီးကုန်းသကြားစက်မှာ အထိုင်စခန်းချထားတဲ့ စစ်အုပ်စုက တစ်မိုင်ခန့်အကွာမှာရှိတဲ့ ထန်းတပင်ရွာကို အင်အား ၂၀၀ လောက်နဲ့ စီးနင်းခဲ့တာ ဖြစ်ပါတယ်။
ရွာကိုဝင်ရောက်စီးနင်းပြီးနောက် အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်သတ်ဖြတ်သွားသလို ပြည်သူတစ်ဦးကိုလည်း နေအိမ်တွေနဲ့အတူ မီးရှို့သတ်ဖြတ်သွားခြင်းဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ပကဖ ရဲဘော်လေးရဲ့အမျိုးသမီးပေါ့နော်။ အဲဒီကလေးမလေးကို မတော်တရော်ပြုပြီးတော့မှ သတ်ပြီးတော့မှ မီးရှို့ထားခဲ့တယ်။ အမျိုးသားတစ်ယောက်တော့ အရက်မူးနေတာပေါ့ဗျာ။ သူ့ကို အိမ်ပေါ်ကဆင်းခိုင်းတော့ သူ့သားကလည်း ပျူထဲမှာ စုဆောင်ရေး ဆွဲခံထားရတော့ ငါ့သားလည်း မင်းတို့အဖွဲ့ထဲကကွ။ မဆင်းဘူးဘာညာနဲ့ဆိုတော့ အဲဒီလူက အဲလိုပြန်ပြောတာတဲ့။ နောက်နှစ်ရက်လောက်နေမှ တွေ့တာအဲဒီလူကတော့။ မီးရှို့သတ်ထားခဲ့တာပေါ့”
စစ်ကြောင်းပြန်ထွက်ချိန်မှာတော့ ဖမ်းဆီးထားတဲ့ ထန်းတပင်ရွာ ဒေသခံတွေကို စစ်အုပ်စုအထိုင်ချထားတဲ့ ဇီးကုန်းသကြားစက်ကို ကားနဲ့ဖမ်းဆီးခေါ်ဆောင်သွားကာ၊ ပြည်သူနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ် ၁၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထန်းတပင်ရွာက နေအိမ်တွေကို မွှေနှောက်ပြီးနောက် ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်နဲ့ ဆိုင်ကယ်မျိုးစုံ၊ ရွာထဲမှာရှိတဲ့ မီးစက်အင်ဂျင်စတဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း ကားနှစ်စီးနဲ့ စစ်အုပ်စုအထိုင်စခန်းရှိရာကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ထန်းတပင်ရွာဟာ စစ်အုပ်စုရဲ့ ဇီးကုန်းသကြားစက်အထိုင်စခန်းနဲ့ အနီးဆုံးမှာတည်ရှိတာကြောင့် အရင်က ဝင်ရောက်စီနင်းလေ့မရှိဘဲ ဒီတစ်ကြိမ်ဝင်ရောက်စီးနင်းခံရမှုဟာ အဆိုးရွားဆုံးဖြစ်တယ်လို့ လည်း ဒေသခံတွေက ဆိုပါတယ်။
ကန့်ဘလူနယ်တောင်ခြမ်းက ကျေးရွာတွေကို ဇီးကုန်းမြို့၊ ဇီးကုန်းသကြားစက်နဲ့ ကာဘိုးအထိုင်စခန်းက စစ်အုပ်စုစစ်ကြောင်းတွေက မကြာခဏဆိုသလို ကျေးရွာတွေကို စီးနင်းဝင်ရောက်ကာ၊ ဒေသခံတွေကို အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့တာနဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ကန့်ဘလူနယ် သရက်ကန်ရွာနဲ့ ထန်းတပင်ရွာကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က စစ်အုပ်စုမီးရှို့ဖျက်ဆီးခဲ့စဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



