စစ်ကိုင်းသတင်း

တော်လှန်ရေးတပ်တွေ သိမ်းပိုက်မီးရှို့ခဲ့တဲ့ ဇီးကုန်းရဲစခန်းကို စစ်အုပ်စုက လုပ်ငန်းရှင်းတွေခေါ်ပြီး စခန်းပြန်ဆောက်ခိုင်းကာ မြို့ကို ကာကွယ်ဖို့ လူထုကိုစည်းရုံး

ထက်ဖြိုး/MFP ၊ အောက်တိုဘာ – ၁၄

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စက်တင်ဘာလ ၁၇ ရက်က စီးနင်းတိုက်ခိုက် မီးရှို့ခဲ့ပြီးနောက် မြို့ခံလုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံကာ ရဲစခန်းပြန်ဆောက်ပေးဖို့နဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားလူငယ်တွေ စစ်မှုထမ်းဖို့ပါ စစ်အုပ်စုက ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ ဇီးကုန်းမြို့ခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၁၇ ရက်မှာ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ဇီးကုန်းမြို့ရဲစခန်းကို စီနင်းတိုက်ခိုက်ရာမှာ ရဲအရာရှိတွေအပါအဝင် ခြောက်ဦးသေဆုံးပြီး လေးဦး အရှင်ဖမ်းမိကာ လက်နက် ၁၂ လက် သိမ်းဆည်းရှိခဲ့ပြီး စခန်းတွင်းက အဆောက်အဦးတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

မီးလောင်သွားတဲ့ ရဲစခန်းအတွင်းက ပြန်လည်တည်ဆောက်ရာမှာ ကုန်ကျငွေတွေက်ို မြို့ခံလုပ်ငန်းရှင်တွေထံက တောင်းခံခဲ့တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

“အထူးသဖြင့် လုပ်ငန်းရှင်တွေခေါ်ပြီးတော့မှ ရဲစခန်းပြန်ဆောက်ဖို့ရယ်၊ ၁၈ နှစ်နဲ့ ၃၅ နှစ်အတွင်းက စစ်မှုထမ်းရမယ်ပေါ့။ ၃၅ နှစ်နဲ့ ၅၅ နှစ် အသက်ကြီးတဲ့သူတွေကျတော့ မြို့စောင့်ရမယ်ပေါ့။ မြို့စောင့်ရမယ်ဆိုမှတော့ သူတို့ပျူဖြစ်တော့တာပဲလေ။ မစွန့်ခွါနိုင်ဘဲနဲ့ နေတဲ့သူမှန်သမျှကတော့ သူတို့ရဲ့ အသုံးချခံဖြစ်သွားမှာပဲလေ”

ဇီးကုန်းမြို့ကို ရန်ကြီးအောင်၊ ရန်နိုင်အေး၊ အောင်သိဒ္ဓိ၊ ချမ်း‌အေးသာယာ၊ နဂါး‌ပေါ်နဲ့ လက်ဆည် ဆိုတဲ့ ရပ်ကွက်ခြောက်ခုနဲ့ ဖြစ်စည်းထားတာဖြစ်ပြီး လူဦးရေ တစ်သောင်းကျော် နေထိုင်ပါတယ်။

မြို့ပေါ်ရပ်ကွက်ခြောက်ခုထဲက လက်ဆည်ရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူတွေဟာ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်သူတွေဖြစ်တာကြောင့် အစောပိုင်းနှစ်တွေကတည်းက ဇီးကုန်းမြို့မှာရှိတဲ့ စစ်

အုပ်စုရဲ့ မောင်းထုတ်ခြင်းကို ခံထားကြရသူတွေဖြစ်ပြီး လက်ရှိအချိန်ထိလည်း စစ်ရှောင်တွေအဖြစ် နေထိုင်နေကြရဆဲဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇီးကုန်းမြို့ဟာ ကန့်ဘလူမြို့နယ်ရဲ့ တောင်ဘက်ခြမ်းမှာတည်ရှိပြီး ဇီးကုန်းမြို့ရဲ့အနီးမှာဆိုရင် ဝက်တိုးရွာပျူအထိုင်စခန်း၊ ဇီးကုန်းသကြားစက်အထိုင်စခန်းနဲ့ ကာဘိုးရွာပျူအထိုင်စခန်းတွေအပြင် စခန်းပတ်ပတ်လည်မှာ ပျူစခန်းတွေ အများအပြား ရှိနေပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button