မန္တလေးသတင်း

ပုဂံမြို့ဟောင်းအနီးက ရွာတွေကို စစ်အုပ်စုစစ်ကြောင်းထိုးပြီး ပြည်သူ ဆယ်ဦးထက်မနည်းကို ဖမ်းဆီး

အီသာရမ်/MFP ၊အောက်တိုဘာ-၁၄

မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦးနယ်မှာ စစ်အုပ်စုစစ်ကြောင်း သုံးကြောင်းအထိခွဲထိုးကာ ပြည်သူဆယ်ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့က ချောက်မြို့နယ်ကနေ စစ်အုပ်စုစစ်ကြောင်းတစ်ကြောင်းနဲ့ ညောင်ဦးမြို့နဲ့ တတ်မမှော်အထိုင်စခန်းက‌ စစ်အုပ်စု စစ်ကြောင်းသုံးကြောင်းကနေ ညောင်ဦးနယ် အနောက်ခြမ်းဆီကို ဦးတည်စစ်ကြောင်းထိုးလာတာဖြစ်ပြီး ပြည်သူတွေကို ဖမ်းဆီးပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းက သုံးကြောင်းဗျ။ တက်မမှော်ဘက်ဆင်းလာတာက တစ်ကြောင်း ပြီးရင် တောင်ဇင်းရဲစခန်းကလာတာက ချောင်းရှည်ပြီးရင် ကန်နီပေါက် အဲဒီမှာ အိမ်တစ်အိမ်မီးရှို့သေးတယ်။ ကန်နီပေါက်ကနေ ပြီးမှ ကျောက်ပြင်ကန်မှာ ထပ်ပြီးမရှို့သေးတာ။ဖမ်းဆီးခံရတာတွေရှိတယ်။ ချောက်ဘက်ကလာတဲ့ စစ်ကြောင်းက ရွာသစ်က ပြည်သူတွေဖမ်းတယ် ပြန်လွှတ်တဲ့သူတွေရှိတယ် ပြန်မလွှတ်တဲ့သူတွေလည်းရှိတယ်”

စစ်အုပ်စုစစ်ကြောင်းတွေဟာ ညောင်ဦးမြို့နယ် အနောက်ခြမ်းကို မွှေနှောက်စစ်ကြောင်းထိုးပြီး ပြည်သူနေအိမ်တွေကိုလည်း မီရှို့ဖျက်စီးကာ ပရိဘောဂပစ္စည်းတွေကိုလည်း ကားနဲ့တင်ဆောင်ပြီး ယူသွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ဒေသခံတွေကိုတော့ ညောင်ဦးမြို့နဲ့ တက်မမှော်ဆီကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုစစ်ကြောင်း စတင်ဝင်ရောက်လာတဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ကတော့ ရွာသစ်ကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အထိအခိုက်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုက အခုလို ပုဂံ-ညောင်ဦးဒေသကို စစ်ကြောင်းထိုးမွှေနှောက်နေတာက ရွေးကောက်ပွဲအတွက် အနှောင့်အယှက်မပေးနိုင်အောင် နဲ့ နယ်မြေစိုးမိုးမှု မပျောက်အောင်လို့ တော်လှန်ရေးတပ်တွေရှိမယ့်နေရာတွေကို စစ်ကြောင်းထိုးလာတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ လက်ရှီတိုက်ပွဲ ဖြစ်ပွားနေပြီး စစ်အုပ်စုစစ်ကြောင်းထိုးနေတဲ့ ဒေသတွေဟာ ပုဂံယာဉ်ကျေးမှုမြို့‌ဟောင်းနဲ့ ၁၀ မိုင်ခန့်ကွာဝေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဂံ၊ မီးလောင်ဖျား ကျေးရွာက ပြည်သူပိုင်နေအိမ်တွေကို အခုနှစ် ဧပြီလက စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့စဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button