သပိတ်ကျင်း ဖော့တောလမ်းဆုံအထိ စစ်အုပ်စု ရောက်လာပြီး တိုက်ပွဲ ဆက် ဖြစ်နေ၊
တိုက်ပွဲကြောင့် လမ်းပိတ်ထားလို့ မိုးကုတ်မြို့က စက်သုံးဆီဆိုင်တချို့ ပိတ်၊

ထင်လင်း/MFP၊ အောက်တိုဘာ – ၁၄
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး – မိုးကုတ် ကားလမ်းပေါ်က ဖော့တောလမ်းဆုံကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းပစ်ကူတွေ သုံးကာ ထိုးစစ်ဆင်နေပြီး နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေး အင်အားစုတွေက MFP ကို ပြောပါတယ်။
မိုးကုတ်-မန္တလေး ကားလမ်းပေါ် ပြန်လည် ခြေချနိုင်ဖို့နဲ့ အဲ့ဒီလမ်းကြောပေါ်က အချက်အခြာ နေရာဖြစ်တဲ့ ဖော့တောလမ်းဆုံကို ပြန်ရဖို့ စစ်အုပ်စုက ကြိုးစားနေတာ လချီနေပြီဖြစ်ပြီး လက်ရှိ အောက်တိုဘာ ၁၄ရက် မှာတော့ စစ်အုပ်စုတွေ ဖော့တော လမ်းဆုံအထိ ရောက်ရှိလာပြီလို့ ဆိုပါတယ်။
“ဖော့တောလမ်းအကျော်၊ ဖော့တောဂိတ်အကျော်၊ ဇရပ်ကွင်းဘက်ကို ဆင်းတဲ့လမ်းဘက်ကို စကစ က ထိုးဖောက်နိုင်ပြီ” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။
ဖော့တောလမ်းဆုံနဲ့ ထိစပ်နေတဲ့ ဝါးဖြူတောင်ရွာကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း စစ်လော်ဘီတွေက အောက်တိုဘာ ၁၀ရက် ကတည်းက အောင်ပွဲခံ သတင်းဖြန့်ထားပါတယ်။
သပိတ်ကျင်းနယ် ၇မိုင်ကျေးရွာအနီးမှာ တစ်နှစ်ခန့်ကြာ တော်လှန်ရေးတပ်တွေရဲ့ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခံနေရတဲ့ စစ်အုပ်စုဟာ လေကြောင်းကနေ အင်အားဖြည့်ပြီးနောက် ပြီးခဲ့တဲ့ ဇွန်လအတွင်း လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်း ပစ်ကူတွေနဲ့ ဖောက်ထွက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဇူလိုင်လ အတွင်းမှာတော့ တော်လှန်ရေးအင်အားစုတွေ ထိမ်းချုပ်ထားရာ သပိတ်ကျင်းမြို့ကို ပြန်လည် သိမ်းယူသွားပြီးတဲ့နောက် ဆက်တိုက်ဆိုသလို ထိုးစစ်ဆင်ကာ မန္တလေး – မိုးကုတ် လမ်းပေါ် ခြေချနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
လေကြောင်းနဲ့ ဒရုန်း ပစ်ကူတွေ သုံးကာ ၇မိုင်ရွာကတဆင့် မန္တလေး- မိုးကုတ်လမ်းဘက် ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုဟာ ၉မိုင်ရွာနဲ့ ဝါးဖြူတောင်ကျေးရွာတွေကို ထိုးစစ်ဆင် သိမ်းယူနိုင်ပြီးနောက် အောက်တိုဘာ ၁၃ ရက်မှာ မိုးကုတ်-ဖော့တော လမ်းဆုံအထိ ရောက်ရှိလာတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ဖော့တောလမ်းဆုံဟာ မန္တလေး – စဉ့်ကူး -သပိတ်ကျင်း- ထီးချိုင့် ဗျူဟာလမ်းနဲ့ မန္တလေး – စဉ့်ကူး – မိုးကုတ် ကားလမ်းကြောင်းပေါ်က အချက်အခြာကျတဲ့ လမ်းဆုံနေရာ ဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်း အညာနဲ့ ရှမ်းမြောက်ဒေသကို အဓိက ချိတ်ဆက်ထားတဲ့ လမ်းဆုံနေရာတစ်ခုလို့လည်း ဆိုနိုင်ကာ ဖော့တောလမ်းဆုံကို စစ်အုပ်စု ပြန်ရသွားပါက သပိတ်ကျင်းမြို့နယ် တောင်ဘက်ခြမ်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်ကနေ မိုးကုတ်နဲ့ ရှမ်းမြောက်ဒေသကို သွားလာတဲ့ ပင်မ သွားလာရေး လမ်းကြောင်း ပြတ်တောက်သွားနိုင်တယ်လို့ ဒေသခံ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
တချိန်တည်းမှာပဲ အောက်တိုဘာလ ၁၁ ရက် ကတည်းက ဖော့တောလမ်းဆုံကို သွားလာခွင့် ပိတ်ထားလို့ မိုးကုတ်မြို့က စက်သုံးဆီ အရောင်းဆိုင်တချို့ ပိတ်ထားကြပြီလို့လည်း ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ဖော့တောလမ်းဆုံအနီးတဝိုက်ရှိ ကျေးရွာတွေ ဖြစ်တဲ့ ဇရပ်ကွင်း၊ ညောင်ပင်သာနဲ့ ပိုးဇာ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်နေပြီး အရပ်သားပြည်သူတွေ သေဆုံး ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုက ကျေးရွာတွေကို လေကြောင်းဗုံးကြဲ၊ လက်နက်ကြီး ထုနေလို့ ဇရပ်ကွင်း၊ ညောင်ပင်သာနဲ့ ပိုးဇာ ရွာတွေ အပါအဝင် ပေသောင်၊ ဂွေးပင်မှော်၊ ကဘဲ့ကြီး၊ အိုင်ယား၊ သင်ပေါင်းချောင်း၊ ခလမ်းဂျစ်၊ ညောင်ချိုအိုက်၊ မြိုင်သာယာ၊ ၄မိုင်၊ ၅မိုင်၊ ၆မိုင်၊ ၇မိုင်၊ ၉မိုင်၊ ရွှေမွှေးချောင်း၊ ဒူးဆစ်ချောင်း၊ ရေပူလယ်တီ၊ ဖိုကုန်း တောတိုက်၊ လမ်းလယ်ကျစ်၊ ဓာတ်ကိုက်၊ ဝါးဖြူတောင်၊ ကျောက်ဖြာ စတဲ့ ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်မယ်ထင်တဲ့နေရာကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
“ရှောင်နေကြတယ်၊ ရွာမှာ လူနည်းစုပဲရှိ” လို့ ပိုးဇာရွာခံ တစ်ဦးကလည်း ပြောပါတယ်။
၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ သပိတ်ကျင်းနယ် တိုက်ပွဲတွေမှာ စစ်ရှုံးပြီးနောက် ၇ မိုင်ရွာနဲ့ တွင်းငယ်ရွာအနီး နောက်ဆုံးလက်ကျန် စစ်စခန်းတွေထဲ နှစ်နဲ့ချီကြာ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လတွေအတွင်း လေကြောင်းကနေ အင်အားဖြည့်ပြီးနောက် လေကြောင်းပစ်ကူ၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ကူတွေနဲ့ ပြန်လည် ဖောက်ထွက် ထိုးစစ်ဆင်ကာ ဇူလိုင်လအတွင်း သပိတ်ကျင်းမြို့ကို ပြန်လည် သိမ်းယူသွားပါတယ်။
အဲ့ဒီနောက် စစ်အုပ်စုက သပိတ်ကျင်းနယ်ထဲ ဆက်လက် နယ်မြေချဲ့ထွင်နိုင်ဖို့ စစ်ကြောင်းထိုးနေပြီး မန္တလေး – မိုးကုတ် ကားလမ်းပေါ် ပြန်လည် ခြေချနိုင်ဖို့ ကြိုးစားနေကာ မန္တလေး-မိုးကုတ်ကားလမ်းမကြီးရဲ့ အနောက်ဘက်ခြမ်း၊ မီတာ ၂၀၀၀ ခန့်အကွာမှာရှိတဲ့ လမ်းလယ်ကျစ် ကျေးရွာကို စက်တင်ဘာ လကုန်ပိုင်းမှာ သိမ်းယူနိုင်ခဲ့ပါတယ်။
သပိတ်ကျင်းနယ်ထဲ တော်လှန်ရေးတပ်တွေက ပိတ်ဆို့ တိုက်ခိုက်လို့ စစ်အုပ်စု လပေါင်းများစွာ ခိုအောင်းနေရာကနေ အခုလို တန်ပြန်ထိုးစစ်ဆင်နိုင်တာဟာ တရုတ်က စစ်အုပ်စုကို ဒရုန်းနည်းပညာ ကူညီတာကြောင့် ဖြစ်တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
လက်ရှိ သပိတ်ကျင်းနယ် တိုက်ပွဲတွေမှာ စစ်အုပ်စုက လေကြောင်းနဲ့ ဒရုန်းကို အလွန်အကျွံ အသုံးပြုကာ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
သပိတ်ကျင်းနယ်၊ မန္တလေး – မိုးကုတ်လမ်း၊ ဖော့တောလမ်းဆုံကို တွေ့ရစဉ်/Photo – CJ




