စစ်ကိုင်းသတင်း

ဝက်လက်မြို့နယ်က ရွာတွေကို စစ်အုပ်စုကလေကြောင်းကနေ နှစ်ရက်ဆက်ဗုံးကြဲတာကြောင့်​ ဒေသခံလေးဦးဒဏ်ရာရ ဘုန်းကြီးကျောင်းနဲ့ စေတီတချို့ ပျက်စီး

ကိုသူ /MFP ၊အောက်တိုဘာ-၁၄

စစ်ကိုင်းတိုင်း ၊ဝက်လက်မြို့နယ်က ရွာသာကြီးကျေးရွာနဲ့ သမ္မာန်သာကျေးရွာကို စစ်အုပ်စုတပ်တွေက ‌အောက်တိုဘာ ၁၃ ရက်ကနေ ၁၄ရက်အထိ နှစ်ရက်ဆက်တိုက် လေကြောင်းကနေဗုံးကြဲတာကြောင့် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာ ရပြီး ဘုန်းကြီးကျောင်းနဲ့ စေတီတချို့ ပျက်စီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုတပ်က လေကြောင်းကနေ ပါရာမိုတာ(Paramotor)၊ ဂျိုင်ရိုကော်ပရာ (Gyrocopter)နဲ့ ဂျက်ဖိုက်တာတို့ အသုံးပြုကာ ဗုံးအလုံးရေ နှစ်ဆယ်ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အနောက်မြောက်တိုင်း စစ်ဌာချုပ် (နမခ) ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပရာ (Gyrocopter )သုံးစီး ၊ဂျက်ဖိုက်တာတစ်စီးနဲ့ သမ္မာန်သာရွာနဲ့ ရွာသာကြီး ‌ကျေးရွာအတွင်းမှာ ရှိတဲ့ အောင်မင်္ဂလာ ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတ အသက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရွာသာကြီး ဒေသခံတစ်ဦးက ပြောပါတယ်။

“ပါရာမိုတာ နဲ့ ကြဲတာ ၊နှစ်လုံးကြဲတာက အမျိုးသမီးတစ်ဦး ထိတယ်”

စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသာကြီး ကျေးရွာက ဒေသခံသုံးဦးနဲ့ သမ္မာန်သာကျေးရွာက ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဘုန်းကြီးကျောင်းအဆောက်အဦးနဲ့ ဘုရားစေတီတချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဝက်လက်မြို့နယ်နဲ့ ခရိုင်ချင်းဆက်လမ်းတွေဖြစ်တဲ့ ရွှေဘို -မုံရွာ ဖြတ်လမ်းနဲ့ မုံရွာ -မန္တလေးလမ်းတို့မှာ တော်လှန်ရေးအင်အားနဲ့ စစ်အုပ်စုတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပေမဲ့ တိုက်ပွဲ ဖြစ်ပွားနေတာမရှိတဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်တလောမှာလည်း တော်လှန်ရေးအင်အားစုတွေနဲ့ စစ်အုပ်စုတပ်တွေ တပ်ပွဲပြင်းထန်နေတာကြောင့် ဝက်လက်မြို့နယ် ခရိုင်ချင်းဆက် လမ်းမကြီးတွေကို အသုံးမပြုဖို့ ဝက်လက်မြို့ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ဝက်လက်မြို့တော်လှန်ရေးတပ်ပေါင်းစုတွေက အောက်တိုဘာ ၁၄ ရက် ဒီနေ့မှာထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ ရေကြောင်းအသုံးပြုကာ ဝက်လက်မြို့နယ် ရှိမ်းမကားကျေးရွာကို လူ၊လက်နက်နဲ့ ရိက္ခာတွေ စစ်အုပ်စုတပ်က ဖြည့်ဆည်းနေပြီးတော့ ဝက်လက်မြို့ ခရိုင်ချင်းဆက်လမ်းဖြစ်တဲ့ စစ်ကိုင်း-ရွှေဘို ကားလမ်းဘေးက ထန်းဖူးတောရွာကို အောက်တိုဘာ ၁၁ ရက်မှာ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ်၊ကျေးရွာတွေကို ပြီးခဲ့တဲ့ ဇူလိုင်လကနေ ဒီနေ့အထိ နှစ်လကျော်အကြာ ဝက်လက်မြို့ (အရှေ့ခြမ်း) ဧရာဝတီမြစ်ရိုးတလျှောက် ကနေ အင်အားသုံးရာခန့်ပါတဲ့ စစ်ကြောင်းတစ်ကြောင်း ၊ဝက်လက် မြို့(အနောက်ခြမ်း) ၊မူးမြစ်ကမ်း ဘေးကနေအင်အား သုံးရာခန့်ပါတဲ့စစ်ကြောင်းတစ်ကြောင်း၊ဝက်လက်မြို့ အတွင်းကုန်စည် စီးဆင်းဖို့ အဓိက ချိတ်ဆက်သွားလာရာ လမ်းမကြီးဖြစ်တဲ့ ရွှေဘို -မန္တလေး လမ်းမကြီးက နေ အင်အားနှစ်ရာခန့်ပါတဲ့ စစ်ကြောင်းတစ် ကြောင်း စုစုပေါင်းသုံးကြောင်း နဲ့ စီးနင်းဝင်ရောက်နေတာ ဖြစ်ပြီးတော့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်အုပ်စုတပ်တွေ မကြခဏတိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒ့ါအပြင် စစ်အုပ်စုတပ်တွေက ဩဂုတ်လ ၁၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ နေရာပေါင်းခြောက်နေရာကျော်ကို ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် နဘဲပင်လှကျေးရွာနဲ့ တောင်ရင်းရွာ ကျေးရွာကဒေသခံ ပြည်သူ ၁၀ ဦး သေဆုံးခဲ့သလို၊ ဇူလိုင် ၁၇ ရက်နေ့မှာ စစ်အုပ်စုဗုံးသီးချ တိုက်ခိုက်မှုကြောင့် ရှားကွဲကျေးရွာက ပြည်သူ ခြောက်ဦး၊ ငါးပတ်ချောင် ကျေးရွာက ပြည်သူ ကိုးဦး၊ ရေလည် မှော် ကျေးရွာက ပြည်သူ တစ်ဦး သေဆုံးခဲ့ပြီးတော့ လူပေါင်း ငါးဆယ်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ တော့ စစ်အုပ်စုတပ်တွေက အောက်တိုဘာ ၆ ရက်နေ့မှာ ချောင်းဦးမြို့နယ် စစ်အာဏာရှင်ဆန့်ကျင့်ရေး ဆီးမီးသပိတ်ကို ဗုံးကြဲသတ်ဖြတ်တာကြောင့် ကလေးငယ် နဲ့ သပိတ်ဦးဆောင်သူပါအဝင် ဒေသခံ ၂၄ ဦး ‌‌သေဆုံးခဲ့ပြီး ၅၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ချောင်းဦးနယ် ဆီမီးသပိတ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်စဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button