မန္တလေးသတင်း

မန္တလေး – မိုးကုတ် – သပိတ်ကျင်း လမ်းပေါ်က အချက်အခြာကျတဲ့ ဖော့တောလမ်းဆုံအထိ စစ်အုပ်စု ပြန်ထိန်းချုပ်၊

ထင်လင်း/MFP၊ အောက်တိုဘာ – ၁၅

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး – မိုးကုတ် – သပိတ်ကျင်း ကားလမ်းပေါ်က အချက်အခြာကျတဲ့ ဖော့တောလမ်းဆုံကို အောက်တိုဘာ ၁၄ရက်မှာ စစ်အုပ်စုက ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်သွားတယ်လို့ သတင်းရရှိပါတယ်။

စစ်အုပ်စု အနေနဲ့ အောက်တိုဘာ ၁၀ရက်နဲ့ ၁၁ရက်တွေမှာ ဖော့တောလမ်းဆုံအနီးက ဝါးဖြူတောင်ရွာနဲ့ အောက်တိုဘာ ၁၃ရက်နဲ့ ၁၄ရက်တွေမှာ ဖော့တောလမ်းဆုံကို ပြန်သိမ်းယူ ထိန်းချုပ်နိုင်ခဲ့တာလို့ စစ်လော်ဘီတွေက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

မိုးကုတ်-မန္တလေး ကားလမ်းပေါ် ပြန်လည် ခြေချနိုင်ဖို့နဲ့ အဲ့ဒီလမ်းကြောပေါ်က အချက်အခြာ နေရာဖြစ်တဲ့ ဖော့တောလမ်းဆုံကို ပြန်ရဖို့ စစ်အုပ်စုက ကြိုးစားနေတာ လချီကြာပြီဖြစ်ပြီး လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းပစ်ကူတွေ သုံးကာ ထိုးစစ်ဆင်လို့ နှစ်ဘက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေက MFP ကို ပြောပါတယ်။

“ဖော့တောလမ်းအကျော်၊ ဖော့တောဂိတ်အကျော်၊ ဇရပ်ကွင်းဘက်ကို ဆင်းတဲ့လမ်းဘက်ကို စကစ က ထိုးဖောက်နိုင်ပြီ” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် သတင်းရင်းမြစ်တစ်ဦးက အောက်တိုဘာ ၁၄ရက်မှာ MFP ကို ပြောပါတယ်။

ဖော့တောလမ်းဆုံဟာ မန္တလေး – စဉ့်ကူး -သပိတ်ကျင်း- ထီးချိုင့် ဗျူဟာလမ်းနဲ့ မန္တလေး – စဉ့်ကူး – မိုးကုတ် ကားလမ်းကြောင်းပေါ်က အချက်အခြာကျတဲ့ လမ်းဆုံနေရာ ဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်း အညာနဲ့ ရှမ်းမြောက်ဒေသကို အဓိက ချိတ်ဆက်ထားတဲ့ လမ်းဆုံနေရာတစ်ခုလို့လည်း ဆိုနိုင်ကာ ဖော့တောလမ်းဆုံကို စစ်အုပ်စု ပြန်ရသွားပါက သပိတ်ကျင်းမြို့နယ် တောင်ဘက်ခြမ်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်ကနေ မိုးကုတ်နဲ့ ရှမ်းမြောက်ဒေသကို သွားလာတဲ့ ပင်မ သွားလာရေး လမ်းကြောင်း ပြတ်တောက်သွားနိုင်တယ်လို့ ဒေသခံ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မန္တလေး – မိုးကုတ်လမ်းပေါ် ပြန်လည် ခြေချနိုင်ဖို့ ကြိုးစားတဲ့ စစ်အုပ်စုက ဖော့တောလမ်းဆုံ အနီးတဝိုက်ရှိ ကျေးရွာတွေ ဖြစ်တဲ့ ဇရပ်ကွင်း၊ ညောင်ပင်သာနဲ့ ပိုးဇာ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်နေလို့ အရပ်သားပြည်သူတွေ သေဆုံး ဒဏ်ရာရမှုတွေ ရှိတယ်လို့လည်း ဒေသခံတွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုက ကျေးရွာတွေကို လေကြောင်းဗုံးကြဲ၊ လက်နက်ကြီး ထုနေလို့ ဇရပ်ကွင်း၊ ညောင်ပင်သာနဲ့ ပိုးဇာ ရွာတွေ အပါအဝင် ပေသောင်၊ ဂွေးပင်မှော်၊ ကဘဲ့ကြီး၊ အိုင်ယား၊ သင်ပေါင်းချောင်း၊ ခလမ်းဂျစ်၊ ညောင်ချိုအိုက်၊ မြိုင်သာယာ၊ ၄မိုင်၊ ၅မိုင်၊ ၆မိုင်၊ ၇မိုင်၊ ၉မိုင်၊ ရွှေမွှေးချောင်း၊ ဒူးဆစ်ချောင်း၊ ရေပူလယ်တီ၊ ဖိုကုန်း တောတိုက်၊ လမ်းလယ်ကျစ်၊ ဓာတ်ကိုက်၊ ဝါးဖြူတောင်၊ ကျောက်ဖြာ စတဲ့ ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်မယ်ထင်တဲ့နေရာကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

“ရှောင်နေကြတယ်၊ ရွာမှာ လူနည်းစုပဲရှိ” လို့ ပိုးဇာရွာခံ တစ်ဦးကလည်း ပြောပါတယ်။

၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ သပိတ်ကျင်းနယ် တိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်တွေက သပိတ်ကျင်းမြို့နဲ့ မန္တလေး – မိုးကုတ် ကားလမ်းကို အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ သပိတ်ကျင်းနယ် တိုက်ပွ​ြတွေအတွင်း စစ်ရှုံးတဲ့ စစ်အုပ်စုဟာ ၇ မိုင်ရွာနဲ့ တွင်းငယ်ရွာအနီးရှိ နောက်ဆုံးလက်ကျန် စစ်စခန်းတွေထဲ လပေါင်းများစွာ ခိုအောင်းနေခဲ့ပြီးနောက် ပြီးခဲ့တဲ့ လတွေအတွင်း လေကြောင်းကနေ အင်အားဖြည့်ကာ လေကြောင်းပစ်ကူ၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ကူတွေနဲ့ ပြန်လည် ဖောက်ထွက် ထိုးစစ်ဆင်တာ ဖြစ်ပါတယ်။ စစ်အုပ်စုအနေနဲ့ ဇူလိုင်မှာ သပိတ်ကျင်းမြို့ကို ပြန်လည် သိမ်းယူနိုင်ပြီး ယခု အောက်တိုဘာမှာ မန္တလေး – မိုးကုတ် လမ်းပေါ် ပြန်လည် ခြေချနိုင်တာ ဖြစ်ပါတယ်။

သပိတ်ကျင်းနယ်ထဲ တော်လှန်ရေးတပ်တွေက ပိတ်ဆို့ တိုက်ခိုက်လို့ စစ်အုပ်စု လပေါင်းများစွာ ခိုအောင်းနေရာကနေ အခုလို တန်ပြန်ထိုးစစ်ဆင်နိုင်တာဟာ တရုတ်က စစ်အုပ်စုကို ဒရုန်းနည်းပညာ ကူညီတာကြောင့် ဖြစ်တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

သပိတ်ကျင်းနယ်၊ မန္တလေး – မိုးကုတ်လမ်း၊ ဖော့တောလမ်းဆုံကို တွေ့ရစဉ်/Photo – စစ်အုပ်စု

Related Articles

Back to top button