မန္တလေးသတင်း

မိတ္ထီလာမှာ တစ်ရက်ထဲ လူငယ် ၂၀ ကိုစစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီး

မှူးအိန်ဂျယ်လ်/MFP၊ အောက်တိုဘာ – ၁၅

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ စစ်မှုထမ်းအပတ်စဉ် -၁၈ အတွက် လူငယ် ၂၀ ဝန်းကျင်ကို အောက်တိုဘာလ ၁၄ ရက်နေ့တစ်ရက်ထဲမှာပဲ စစ်အုပ်စုက အစုလိုက်အပြုံလိုက် ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ မိတ္ထီလာမြို့ တပ်တွင်းသတင်းအရင်းအမြစ်က MFPကို ပြောပါတယ်။

မိတ္ထီလာမြို့နယ် ဘဲကန်ဈေးအနီးမှာ နယ်မြေခံစစ်အုပ်စုတပ်က ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်-၁၈အတွက်ဟုဆိုကာ ဈေးအနီးဖြတ်သန်းသွားလာနေကြတဲ့ ဆိုင်ကယ်ကို နှစ်ယောက်တွဲစီးနင်းလာတဲ့ လူငယ်
အမျိုးသားတွေကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဲဒီနေ့တစ်ရက်ထဲမှာပဲ လူငယ် ၂၀ ဝန်းကျင်ခန့် ဖမ်းဆီးသွားတယ်လို့ မိတ္ထီလာမြို့နယ်မှာနေထိုင်တဲ့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

” နယ်မြေခံစစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁၈)အတွက် ဈေးအနီးဖြတ်သန်းသွားတဲ့ ဆိုင်ကယ်(၂)ယောက်တွဲစီးနင်းလာသူ လူငယ်အမျိုးသားတွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲခဲ့ပြီး၊ တစ်ညထဲ လူငယ်(၂၀)ဝန်းကျင်ခန့် ဖမ်းဆီးခံထားရပါတယ် “

ဖမ်းဆီးထားတဲ့ လူငယ်တွေကို စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း ခလရ-၁၁၃မှာ ချုပ်နှောင်ထားပြီး လူငယ်အများစုရဲ့ မိဘနဲ့ ဆွေမျိုးတွေကတော့ ဖမ်းဆီးခံရတာကို မသိရှိကြသေးဘူးလို့ ဆိုပါတယ်။

အလားတူ အောက်တိုဘာ ၁၂ရက်ကလည်း မိတ္ထီလာမြို့နယ်အတွင်းမှာ ဖြတ်သန်းသွားလာနေတဲ့ လူငယ်ခုနစ်ဦးကို စစ်အုပ်စုက ပေါ်တာဆွဲဖမီးဆီးခဲ့တာကြောင့် နှစ်ရက်အတွင်း ပြည်သူ ၃၀ နီးပါးကို စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူငယ်တွေ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ အခြေအနေ အသေးစိတ်ကိုတော့ MFP အနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။

စစ်အုပ်စုတွေဟာ နောက်ပိုင်းအပတ်စဉ်တွေမှာ စစ်မှုထမ်းလျာထားချက်ပြည့်မှီအောင် မရတဲ့ကြောင့် ရတဲ့နည်းနဲ့ လူငယ်များကို ထပ်မံစုဆောင်းပြီး ထပ်တိုးအင်အားအဖြစ် ရသမျှဖမ်းဆီးပို့ဆောင်နေတာ ဖြစ်ပါတယ်။

ဒီက်ိစ္စနဲ့ပတ်သက်ပြီး စစ်အုပ်စုလက်အောက်ခံ နေပြည်တော်အခြေစိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌရုံးက တာဝန်ရှိသူတစ်ဦးကတော့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ တရားမဝင်နည်းလမ်းတွေနဲ့ လူသစ်စုဆောင်း(ပေါ်တာဆွဲ)ဖို့ ညွှန်ကြားထားတာမျိုးမရှိတာကြောင့် နစ်နာသူတွေအနေနဲ့ တိုင်ကြားလို့ရတယ်လို့ MFP ကို တုံ့ပြန်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ တစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝှမ်းက လူငယ်၊လူရွယ် ၇၀,၀၀၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်သားသစ် စုဆောင်းခဲ့ပြီး စစ်မြေပြင် ပို့လွှတ်ကာ အသေခံ စစ်သားအဖြစ် အသုံးချနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) က ဇူလိုင် ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်မှုထမ်း ဥပဒေ အကြောင်းပြကာ ၂၀၂၄ မတ်လက စလို့ စစ်သားသစ် စုဆောင်းနေတဲ့ စစ်အုပ်စုဟာ နိုင်ငံတဝန်း တစ်မြို့နယ်ကို တစ်လ လူ ၁၅၀ နှုန်းလောက် စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး ရပ်ကွက်၊ မြို့ရွာအလိုက် ခွဲတမ်းနဲ့ စုဆောင်းသလို ပေါ်တာဆွဲပြီးတော့လည်း စုဆောင်းနေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button