ထင်လင်း/MFP၊ အောက်တိုဘာ – ၁၅
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး – မိုးကုတ် – သပိတ်ကျင်း ကားလမ်းပေါ်က အချက်အခြာကျတဲ့ ဖော့တောလမ်းဆုံကို စစ်အုပ်စုက သိမ်းယူပြီးတဲ့နောက် ဖော့တောရွာထဲက ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေတဲ့ အရပ်သား တစ်ဒါဇင်ခန့်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အောက်တိုဘာ ၁၃ရက်နဲ့ ၁၄ရက်မှာ ဖော့တောကျေးရွာတဝိုက် လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွါးခဲ့ပြီး ဖော့တောလမ်းဆုံကို စစ်အုပ်စုက သိမ်းယူသွားတဲ့နောက် ထွက်မပြေးနိုင်ဘဲ ကျန်နေခဲ့တဲ့ အရပ်သားတချို့ကို သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
“ဖော့တောမှာ အရပ်သားတွေကို သတ်ထားတာတွေလည်း ရှိတယ် ဒီကောင်တွေက။ ၁၀ ယောက်၊ ၁၂ ယောက်လောက် ရှိတယ်တဲ့၊ ယောက်ျားတွေရော၊ မိန်းမတွေရော၊ စျေးသည်တွေတော့ ဒီကောင်တွေက လွှတ်ပေးထားတယ်တဲ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖော့တောလမ်းဆုံနဲ့ ဖော့တောရွာအနီး အရပ်သားတွေ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး MFP အနေနဲ့ အသေးစိတ် သိရဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၁၄ ရက် မနေ့ကလည်း မန္တလေးကနေ မိုးကုတ်ကို တက်လာတဲ့ ကားတစ်စီးကို ဖော့တောလမ်းဆုံးအနီးမှာ စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်တာကြောင့် ကားပေါ်ပါသူ အမျိုးသမီး သုံးဦး အဆက်အသွယ် ပြတ်နေပြီး တစ်ဦး သေဆုံးကာ ကျန်တဲ့နှစ်ဦးက ဖမ်းဆီးခံရတယ်လို့ သတင်းထွက်နေကြောင်း မိုးကုတ်မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
“ဖြစ်တာက ဖော့တောလမ်းဆုံမှာ ဖြစ်တာ။ သုံးယောက် သေတယ်လို့လည်း ကြားတယ်။ တချို့ကလည်း သေတာက တစ်ယောက်ပဲ၊ နှစ်ယောက်ကို ၇မိုင်စခန်းဘက် ခေါ်သွားတယ်တဲ့။ အဆက်အသွယ်ကတော့ မရတော့ဘူး”
စစ်အုပ်စု ရန်ကြောင့် ဖော့တောလမ်းဆုံကို အများပြည်သူ ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက အောက်တိုဘာ ၁၀ရက်ကတည်းက သတိပေးချက် ထုတ်ပြန်ထားပေမယ့် ဖုန်းနဲ့ အင်တာနက်တွေ ဖြတ်တောက်နေတာကြောင့် လမ်းပေါ် ရောက်နှင့်ပြီးဖြစ်တဲ့ ခရီးသွားတချို့က အခြေအနေ မသိဘဲ ဖြတ်သန်းမိတာ ဖြစ်မယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ စစ်ကြောင်းထိုးရာ ဒေသတလျှောက် ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ အရပ်သား ပြည်သူတွေကို သတ်ဖြတ်တာတွေ ရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ ထိပ်တိုက်မတွေ့အောင် သတိပြု ရှောင်ရှားကြဖို့ လိုအပ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။
ဖော့တောလမ်းဆုံကို ပြန်သိမ်းနိုင်တဲ့ စစ်အုပ်စု အပါအဝင် သပိတ်ကျင်းမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ စစ်အုပ်စုဟာ မြေပြင်ကနေ တိုးလာနိုင်တာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတာ၊ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြင်းပြင်းထန်ထန်ပြုလုပ်ပြီး ရှေ့ဆက်တိုးလာတာလို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
“မြေပြင်စစ်ကြောင်းထိုးလာတာကို ဂရုစိုက်စရာမလိုဘူး၊ အရင်ဆုံး လေကြောင်းနဲ့တိုက်ပြီး နယ်မြေရှင်းတယ်၊ ရှင်းပြီးရင် ဆူဆိုက်ဒရုန်းနဲ့ လာတယ်၊ ပြီးရင် လက်နက်ကြီးနဲ့ထုပြီး ဝင်ထိုင်တယ်၊ သူတို့က အဲ့တိုင်းပဲ သွားတာ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။
၂၀၂၄ နှစ်လယ်ပိုင်းကနေ ၂၀၂၅ နှစ်လယ်ပိုင်းအထိ သပိတ်ကျင်းနယ် တိုက်ပွဲတွေမှာ စစ်ရှုံးပြီး ၇မိုင်ရွာအနီး လက်ကျန်စစ်စခန်းတွေထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ လက်ရှိမှာတော့ လေကြောင်းအားကိုး၊ ဒရုန်းအားကိုး၊ တရုတ်အားကိုးနဲ့ သပိတ်ကျင်းမြို့နဲ့ မန္တလေး – မိုးကုတ်လမ်းပေါ်က အချက်အခြာနေရာ ဖော့တောလမ်းဆုံတို့ကို ပြန်လည်း သိမ်းယူသွားနိုင်ပြီ ဖြစ်ပါတယ်။
သပိတ်ကျင်းနယ်၊ မန္တလေး – မိုးကုတ်လမ်း၊ ဖော့တောလမ်းဆုံကို ပြန်လည်ထိန်းချုပ်ပြီး အောင်ပွဲခံနေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု



