ဟားခါးမြို့မ ရဲစခန်းကို စီးနင်းပြီးနောက် အကျဉ်းသားတွေကို CNF ကယ်ထုတ်
ကိုသူ/MFP ၊အောက်တိုဘာ-၁၆
ချင်းပြည်နယ်မြို့တော်၊ ဟားခါးမြို့ရဲစခန်းကို အောက်တိုဘာ ၁၆ ရက် ဒီနေ့မနက် သုံးနာရီမှာ ချင်းအမျိုးသားတပ်ဦး (CNA/CNF) ဦးဆောင်တဲ့ ချင်းတော်လှန်ရေးတပ်တွေက စီးနင်းပြီး အကျဉ်းသား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦးရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
ကယ်ထုတ်နိုင်တဲ့ အကျဉ်းသား ၁၅ ဦးထဲမှာ ချင်းအမျိုးသားတပ်ဦး(CNA/F)ရဲ့ တပ်ဖွဲ့ဝင်တွေ၊ ဟားခါး -CDF တပ်ဖွဲ့ဝင်တွေနဲ့ပြည်သူတွေပါဝင်ပြီး သူတို့ကို လုံခြုံတဲ့နေရာပို့ဆောင်ထားတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
“အဓိကတော့ အကျဉ်းသားကယ်ဖို့ ပစ်တာပေါ့ အဲ့ဒီမှာ အကျဉ်းသား ဒေသန္တရ တပ်ဖွဲ့ဝင်တွေ ၊ပြည်သူတွေနဲ့ အားလုံး စုစုပေါင်း ၁၅ ဦးခန့်ကယ်နိုင်ခဲ့တယ်။ အကျဉ်းသား (၁၅) ယောက်နဲ့ အတူ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်””
ဟားခါးမြို့ရဲစခန်းကို စီးနင်းရာမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်သားငါးဦး သေဆုံးခဲ့သလို ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး တော်လှန်ရေးအင်အားစုတွေက အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက ဟားခါးမြို့ပေါ်ကနေ ၆၀ မမ တွေနဲ့ တော်လှန်ရေးအင်အားစုတွေခိုအောင်းမယ်ထင်တဲ့နေရာတွေကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆလိုင်ထက်နီက ပြောပါတယ်။
ချင်းပြည်နယ် ၊ဟားခါးမြို့ အကျဉ်းစခန်းကိုတော့ ချင်းတော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့အတွင်းမှာ စီးနင်းတိုက်ခိုက်ခဲ့ပြီးတော့ အကျဉ်းသားနဲ့ အချုပ်သား ၆၂ ဦးကို ကယ်ထုတ်ထားပါသေးတယ်။
ချင်းပြည်နယ်အတွင်းမှာတော့ စစ်အုပ်စုစိုးမိုးထိန်းချုပ်ထားဆဲ ဖြစ်တဲ့ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ခိုင်ကမ်း မြို့လေးမြို့သာ ကျန်ရှိပြီးတော့ ကျန်မြို့နယ်တွေကိုတော့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။
၂၀၂၄ ခုနှစ်က ဟားခါးမြို့ရဲစခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



