ထင်လင်း/MFP၊ အောက်တိုဘာ – ၁၆
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး – မိုးကုတ်လမ်း၊ ဖော့တောလမ်းဆုံကို ပြန်လည် သိမ်းယူ ထိန်းချုပ်နိုင်တဲ့ စစ်အုပ်စုက မိုးကုတ်မြို့ဘက် ဆက်လက် စစ်ကြောင်းထိုးနေပြီး ဖော့တောကျေးရွာ အထက် နှစ်မိုင်ခန့်အကွာ ညောင်ပင်သာ ကျေးရွာအနီးမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မန္တလေး – စဉ့်ကူး – မိုးကုတ်လမ်းပေါ် ပြန်လည် ခြေချနိုင်ဖို့နဲ့ မန္တလေး -စဉ့်ကူး – မိုးကုတ် – သပိတ်ကျင်း – ထီးချိုင့် – ဗန်းမော် ဗျူဟာလမ်းပေါ်က အချက်အခြာကျတဲ့ ဖော့တောလမ်းဆုံကို ပြန်ရဖို့ စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေ အားပြုကာ လနဲ့ချီကြာ ထိုးစ်ဆင်ခဲ့ပြီးနောက် အောက်တိုဘာ ၁၄ရက်မှာ ဖော့တော့လမ်းဆုံကို ပြန်လည် ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။

ဖော့တောလမ်းဆုံရဲ့အထက် မိုင် ၅၀ ခန့်အကွာမှာ မိုးကုတ်မြို့ ရှိပြီး လမ်းဆုံရဲ့ အောက်ဘက်မှာ စဉ့်ကူးမြို့ ရှိကာ လက်ရှိမှာတော့ စစ်အုပ်စုက ဖော့တောလမ်းဆုံကနေ မိုးကုတ်ဘက် ရှေ့ဆက်တိုးလာလို့ ဖော့တော-မိုးကုတ်လမ်းပေါ် စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်နေတာလို့ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
“မနေ့က အပေါ်တက်သွားတာ၊ ဒီအောက်ဖက်တော့ မဆင်းလာသေးဘူးရယ်၊ သူတို့က မိုးကုတ်ကို လိုချင်တာလား၊ ၁၄၈ ကို လိုချင်တာလား မသိဘူး” လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ဖော့တောနဲ့ ညောင်ပင်သာကျေးရွာတွေကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ဖော့တော – မိုးကုတ်လမ်းမှာ သပိတ်ကျင်းမြို့နယ်အတွင်းက ညောင်ပင်သာ၊ ပိုးဇာနွယ်နဲ့ ကျောက်လှည်းဘီးကျေးရွာ သုံးရွာ ရှိပြီး ကျောက်လှည်းဘီးကျေးရွာရဲ့ အရှေ့ဘက် တစ်မိုင်ခန့်အကွာမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း – ခလရ ၁၄၈ ရှိပါတယ်။
လက်ရှိ ဖော့တောကနေ ရှေ့ဆက် တိုးနိုင်ဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုဟာ ခလရ ၁၄၈ စခန်း သို့မဟုတ် မိုးကုတ်အထိ ထိုးဖောက်တာ ရှိ၊ မရှိ စောင့်ကြည့်နေပြီး စစ်အုပ်စု အနေနဲ့ ခလရ ၁၄၈ ကို ခြေကုပ်ယူပြီး စစ်ကြောင်းတွေ ဆက်လက် ဖြန့်ထိုးတာမျိုးလည်း လုပ်လာနိုင်တယ်လို့ သတင်းရင်းမြစ်တချို့က သုံးသပ်ပါတယ်။
ဒါ့အပြင် ၇မိုင်ရွာအနီး စစ်စခန်းတွေထဲ ခိုအောင်းနေရာကနေ ဖော့တောလမ်းဆုံအထိ ဖောက် ထွက်လာနိုင်တဲ့ စစ်အုပ်စုဟာ သပိတ်ကျင်းမြို့နယ် တောင်ဘက်ခြမ်းနဲ့ စဉ့်ကူးဘက်ကို ဆက်တိုးလာတာ မရှိသေးပေမယ့် မတ္တရာဘက်က တိုးလာတဲ့ စစ်အုပ်စုနဲ့ ပေါင်းပြီး အဆိုပါ ဒေသတွေကို ညှပ်ထိုးနိုင်တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သုံးသပ်ပါတယ်။
၂၀၂၄ က ဖြစ်ပွားခဲ့တဲ့ သပိတ်ကျင်းမြို့နယ် တိုက်ပွဲတွေမှာ စစ်ရှုံးပြီး ၇မိုင်နဲ့ တွင်းငယ်ရွာအနီး နောက်ဆုံးလက်ကျန် စစ်စခန်းတွေထဲ တစ်နှစ်ခန့်ကြာ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ လေကြောင်းအားကိုး၊ တရုတ်အားကိုးနဲ့ အင်အားဖြည့်ကာ တော်လှန်ရေးတပ်တွေက ငလျင်ကြောင့် အပစ်ရပ်တာကို အခွင့်ကောင်းယူပြီး ပြီးခဲ့တဲ့ ဇွန်လက စလို့ ခိုအောင်းနေရာကနေ ဖောက်ထွက်ထိုးစစ်ဆင်လာပြီး ဇူလိုင်လထဲမှာ သပိတ်ကျင်းမြို့ကို ပြန်ထိန်းချုပ်နိုင်ခဲံသလို လက်ရှိမှာ မိုးကုတ်-မန္တလေးလမ်းပိုင်းအထိ အခုလို ထိုးစစ်ဆင် ဖောက်ထွက်လာတာ ဖြစ်ပါတယ်။
မန္တလေး – မိုးကုတ်လမ်း၊ ဖော့တောလမ်းဆုံကို ပြန်ထိန်းချုပ်နိုင်တဲ့ စစ်အုပ်စုဟာ အောက်တိုဘာ ၁၄ရက်က ကျေးရွာအတွင်း မပြေးနိုင်ဘဲ ကျန်နေတဲ့ ဒေသခံ တစ်ဒါဇင်ခန့်ကို သတ်ဖြတ်ခဲ့သလို ခရီးသွားကားတစ်စီးကိုလည်း ဒရုန်းနဲ့ ဗုံးကြဲလို့ ခရီးသွားပြည်သူ အမျိုးသမီး သုံးဦး အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် အောက်တိုဘာ ၁၀ ရက်က စလို့ မိုးကုတ် – ဖော့တော – မန္တလေး ကားလမ်း သွားလာအသုံးပြုနိုင်တာ မရှိဘဲ လမ်းကြောင်း ပိတ်ဆို့နေတယ်လို့ ဆုပါတယ်။
သပိတ်ကျင်းနယ်၊ မန္တလေး – မိုးကုတ်လမ်း၊ ဖော့တောလမ်းဆုံနဲ့ လမ်းဆုံနေရာကို ပြန်လည်ထိန်းချုပ်ပြီး အောင်ပွဲခံနေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု၊ CJ



