အကျဉ်းသား ကယ်ထုတ်ရေးအထူးမစ်ရှင်အဖြစ် ဟားခါးမြို့မ ရဲစခန်းကို စီးနင်းပြီး တော်လှန်ရေး ရဲဘော်တွေ အပါအဝင် အကျဉ်းသား ၁၅ ဦး ကယ်ထုတ်၊
CDF-Hakha နဲ့ CNA တော်လှန်ရေးရဲဘော် ငါးဦးနဲ့ နောက်ထပ် အကျဉ်းသား ၁၀ ဦး ကယ်ထုတ်နိုင်ပြီး စီးနင်းပစ်ခတ်မှုအတွင်း စစ်အုပ်စု ခြောက်ယောက်ကို သုတ်သင်နိုင်၊

ကိုသူ/MFP ၊အောက်တိုဘာ-၁၆
ချင်းပြည်မြို့တော်၊ ဟားခါးမြို့ရဲစခန်းကို အောက်တိုဘာ ၁၆ ရက် ဒီနေ့မနက် ၃နာရီမှာ ချင်းအမျိုးသားတပ်ဦး (CNA/CNF) ဦးဆောင်တဲ့ ချင်းတော်လှန်ရေးတပ်တွေက စီးနင်းပြီး အကျဉ်းသား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက MFP ကို ပြောပါတယ်။
CDF-Hakha နဲ့ CNA အကျဉ်းသားတွေ ကယ်ထုတ်ရေးအထူးမစ်ရှင်အဖြစ် ဟားခါးရဲစခန်းကို စီးနင်းခဲ့တာလို့ CDF Hakha ကလည်း သတင်း ထုတ်ပြန်ပါတယ်။
“ဟားခါးမြို့မရဲစခန်းတွင် စစ်ကော်မရှင်က မတရား ဖမ်းဆီးချုပ်နှောင်ခြင်း ခံရသော CDF-Hakha ရဲဘော် သုံးဦးနှင့် CNA ရဲဘော် နှစ်ဦးတို့အား ကယ်ထုတ်နိုင်ရန် CDF-Hakha စစ်ဦးစီးချုပ်နှင့် တပ်မဟာ (၄) တပ်မဟာမှူးတို့ ကိုယ်တိုင် ကြီးကြပ်ကွက်ကဲမှုဖြင့် CDF-Hakha ရဲဘော်များက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်၊ မနက် ၂:၃၀ နာရီမှစ၍ အထူးမစ်ရှင်တစ်ခု စတင်ဖော်ဆောင်ခဲ့ပါသည်။ (စခ) ခြောက်ဦး ရှင်းလင်းနိုင်ခဲ့ပြီး အဆိုပါ တော်လှန်ရေး ရဲဘော်အကျဥ်းသား ငါးဦး အပြင် အခြား အကျဉ်းသား ၁၀ ဦးလည်း ခေါ်ထုတ်နိုင်ခဲ့ပါသည်။ ဒဏ်ရာရရှိမှုနှင့် အသက်ပေးဆပ်မှု မရှိဘဲ မနက် ၄:၀၀ နာရီတွင် ပြောင်မြောက်စွာ မစ်ရှင် ပြီးဆုံးခဲ့သော်လည်း တပ်ဆုတ်ပြီး ဆုံမှတ်နေရာ အရောက်တွင် မထင်မှတ်သည့် ရန်သူ့ကျည်တစ်တောင့် ထိမှန်၍ တော်လှန်ရေးရဲဘော် တစ်ဦးမြင့်မြတ်စွာ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်ခဲ့သည်” လို့ CDF – Hakha က ဖော်ပြပါတယ်။

ကယ်ထုတ်နိုင်တဲ့ အကျဉ်းသား ၁၅ ဦးထဲမှာ ချင်းအမျိုးသားတပ်ဦး(CNA/F)ရဲ့ တပ်ဖွဲ့ဝင်တွေ၊ ဟားခါး -CDF တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေပါဝင်ပြီး သူတို့ကို လုံခြုံတဲ့နေရာပို့ဆောင်ထားတယ်လို့ ချင်းအမျိုးသားတပ်ဦးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက MFP ကို ပြောပါတယ်။
“အဓိကတော့ အကျဉ်းသားကယ်ဖို့ ပစ်တာပေါ့၊ အဲ့ဒီမှာ အကျဉ်းသား ဒေသန္တရ တပ်ဖွဲ့ဝင်တွေ၊ ပြည်သူတွေနဲ့ အားလုံး စုစုပေါင်း ၁၅ ဦးခန့် ကယ်နိုင်ခဲ့တယ်။ အကျဉ်းသား ၁၅ ယောက်နဲ့ အတူ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်”
ဟားခါးမြို့ရဲစခန်းကို စီးနင်းရာမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ခြောက်ယောက်ကို သုတ်သက်နိုင်ခဲ့ကာ ဒဏ်ရာရသူ အများအပြားရှိပြီး တော်လှန်ရေးအင်အားစုတွေက အထိအခိုက်မရှိ ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ ဟားခါးရဲစခန်း စီးနင်းခံရပြီးနောက် စစ်အုပ်စုက ဟားခါးမြို့ပေါ်ကနေ ၆၀ မမ တွေနဲ့ ရမ်းကား ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆလိုင်ထက်နီက ပြောပါတယ်။
ချင်းပြည်နယ်၊ ဟားခါးမြို့ အကျဉ်းစခန်းကိုတော့ ချင်းတော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုင် ၂၀ ရက်မှာ စီးနင်းတိုက်ခိုက်ခဲ့ပြီးတော့ အကျဉ်းသားနဲ့ အချုပ်သား ၆၂ ဦးကို ကယ်ထုတ် ထားပါသေးတယ်။
ချင်းပြည်နယ်အတွင်းမှာတော့ စစ်အုပ်စုစိုးမိုးထိန်းချုပ်ထားဆဲ ဖြစ်တဲ့ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ခိုင်ကမ်း မြို့လေးမြို့သာ ကျန်ရှိပြီးတော့ ကျန်မြို့နယ်တွေကိုတော့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။

Photo – CDF-Hakha



