စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ကလေး – တမူးလမ်းကို ပြန် ထိန်းချုပ်နိုင်ဖို့ စစ်အုပ်စု အင်အားသုံး စစ်ကြောင်းထိုးနေပြီး တော်လှန်ရး တပ်တွေ နယ်မြေ လက်လွှတ်ရ၊

စစ်အုပ်စုက ရွာမီးရှို့၊ ဓားစာခံဖမ်း၊ သတ်ဖြတ်နေလို့ ရွာ ၅၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ၊

ကိုသူ/MFP၊ အောက်တိုဘာ – ၁၉

မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေး-တမူး အာရှလမ်းမကြီးကို ပြန်လည် စိုးမိုး ထိန်းချုပ်နိုင်ဖို့ စစ်အုပ်စုက အင်အားအလုံး အရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး တော်လှန်ရေးတပ်တွေ အနေနဲ့ စိုးမိုးနယ်မြေတွေ လက်လွှတ်နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မိုင် ၈၀ ကျော် ရှည်လျားတဲ့ ကလေး – တမူးလမ်းကို ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ဖို့ စစ်အုပ်စုက လေကြောင်းကနေ အင်အားဖြည့်ပြီးနောက် ဩဂုတ်လက စတင်ကာ ကလေးမြို့ဘက်ကနေ စစ်ကြောင်းထိုးတာ ဖြစ်ပြီး ဒီကနေ့ အောက်တိုဘာ ၁၉ရက်မှာ ကလေးမြို့ကနေ မိုင် ၆၀ခန့်အကွာ၊ ကလေးနဲ့ တမူးနယ်အစပ်၊ စော်ဘွားရေရှင်ကျေးရွာအနီးထိ စစ်အုပ်စု စစ်ကြောင်း ရောက်ရှိနေပြီလို့ ဆိုပါတယ်။

“(ကလေး – တမူးလမ်းပေါ်က) ၅၆ မိုင်ရွာကနေ စစ်ကြောင်းထိုးတာ စော်ဘွားရေရှင် ရောက်လာတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

စစ်အုပ်စုက ကလေး-တမူး အာရှလမ်းမကြီးတလျှောက် အင်အား ၁၀၀၀ ခန့်ကို သုံးဖွဲ့ခွဲကာ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး ကလေး – တမူးလမ်းမကြီးအတိုင်း စော်ဘွားရေရှင်ကျေးရွာအနီးမှာ အင်အား ၅၀၀ ခန့်ပါ စစ်ကြောင်းတစ်ကြောင်း၊ စခန်းကြီးကျေးရွာကနေ ရာဇဂြိုလ်ကျေးရွာအတွင်း ဝင်ရောက်နေတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းတစ်ကြောင်းနဲ့ ကလေးမြို့အနောက်ဘက်ကနေ ဆည်ကြီးကျေးရွာဘက် ဝင်ရောက်နေတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ကလေး – တမူးလမ်းပေါ်ရှိ စော်ဘွားရေရှင်၊ ရာဇဂြိုလ်၊ မြစိမ်းနဲ့ ဆည်ကြီးကျေးရွာတွေထဲ အထိုင်ချ တပ်စွဲနေပြီး အနီးဝန်းကျင်ကို လက်နက်ကြီးနဲ့ အဆက်မပြတ် ရမ်းကား ပစ်ခတ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကလေး – တမူး လမ်းကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ စတင် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ကံသာယာကျေးရွာအနီးမှာ သုံးလကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်တွေ ကံသာယာကျေးရွာကို လက်လွှတ်လိုက်ချိန် စစ်အုပ်စုက ထပ်မံ အင်အားဖြည့် စစ်ကြောင်းထိုးလာပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကို စိုးမိုးထိန်းချုပ်နိုင်ဖို့ ကြိုစားလာတာလို့ ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

“သူတို့ (စစ်အုပ်စု)က ချင်း(ပြည်)ဘက်က နေရာ တော်တော်များများ လက်လွှတ်ထားရတယ်။ ဒါပေမယ့် ချင်းဘက်ကိုတော့ စစ်ကြောင်းပြင်တာ မတွေ့ရဘူး။ ချင်းဘက် တက်မယ်ဆို ကလေးကနေ တက်နေရတယ်။ အခုက တီးတိန်က စစ်ကြောင်းတွေကို ကလေးဘက်ကို ခေါ်ထားတာ ရှိတယ်။ နောက်တခုက လေကြောင်းကနေ လက်နက်နဲ့ ရိက္ခာ ထပ်ဖြည့်တာ ရှိတယ်။ အခုကတော့ ချင်း – ရိဒ် (ရိဒ်ခေါဒါန်မြို့) ဘက်က ကုန်သွယ်ရေးက လက်လွှတ်ထားရတော့ နယ်စပ်ဂိတ်ရှိတဲ့ တမူးလမ်းကို ပြန်စိုးမိုးချင်ပုံရပါတယ်။ အခုက ကလေး – တမူး အစပ် စော်ဘွားရေရှင်ထိ ရောက် လာတယ်။ ခမ်းပတ်ကို ဆက်ထိုးမလားတော့ စောင့်ကြည့်ရအုံးမှာ၊ တမူး စစ်ကြောင်းကတော့ ပန်းသာ ဘက်မှာပဲ ရှိသေးတယ်၊ တမူး စစ်ကြောင်းနဲ့ ကလေး စစ်ကြေင်းနဲ့ ပေါင်းမလား၊ ဒါတော့ မသိရသေးဘူး “

ကလေးမြို့ကို လေကြောင်းကနေ ထောက်ပို့လုပ်ကာ ကလေး – တမူး လမ်းပိုင်းကို ပြန်စိုးမိုးဖို့ စစ်အုပ်စုက စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး တမူးမြို့ဘက်ကနေ နှစ်ဖက်ညှပ် စစ်ကြောင်းထိုးတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

အဲ့ဒီ ကလေးမြို့ဘက်ကနေ ကလေး – တမူးလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ ဒေသခံ အရပ်သားပြည်သူတွေကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးတာ၊ သတ်ဖြတ်တာနဲ့ ရွာ မီးရှို့တာတွေလည်း ကျူးလွန်နေပြီး ဒီကနေ့ အောက်တိုဘာ ၁၉ရက်မှာ ဒေသခံ ပြည်သူ အမျိုးသား ရှစ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရသလို လူ ၃၀ ကျော် ဓါးစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင် ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရသူ ရှစ်ဦးဟာ အရှေ့ခုံသာ ကျေးရွာက နှစ်ဦးနဲ့ အနောက်ခုံသာရွာက ခြောက်ဦး ဖြစ်ပြီး ဓါးစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူတွေဟာ ကလေး-တမူး ကားလမ်းကြီးတလျှောက်ရှိ အရှေ့ ခုံသာ၊ အနောက် ခုံသာ၊ ရာဇဂြိုလ်၊ ရန်မျိုးအောင် စတဲ့ ကျေးရွာတွေက ဖြစ်တယ်လို့ ‌‌ခုံသာရွာခံတစ်ဦးက MFP ကို ပြောပါတယ်။

“ခုံသာရွာက မီးရှို့ သွားတယ်လို့ သိရတယ်၊ အမျိုးသား အလောင်း ရှစ်လောင်း တွေ့ရတယ်လို့ သိရတယ်”

စစ်အုပ်စုဟာ အရှေ့ ခုံသာ၊ အနောက်ခုံသာ ကျေးရွာနဲ့ ၅၆ မိုင် ကျေးရွာတွေကို စီးနင်းဖောက်ထွင်းပြီး တန်ဘိုးရှိ ပစ္စည်းတွေ လုယက်ခိုးယူသလို နေအိမ်တွေကို မီးရှို့ ဖျက်ဆီးသွားပြီး မီးလောင်ပြင်ကနေ အလောင်းတွေ တွေ့ရတာလို့ ၅၆မိုင် ရွာခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ကလေး-တမူး လမ်းတလျှောက် ကလေးမြို့နယ်ရှိ နန်းဟံနွဲ့၊ နန်းစောင်းပု၊ ကံကြီး၊ ကံသာယာ၊ ကြံစက်ကုန်း ၊ ၅၆ မိုင်၊ ခုံသာ ( အရှေ့ ၊အနောက် )၊ မော်လိုက် ကလေး တောင်ရွာ၊မြောက်ရွာ၊ ရာဇဂြိုလ်၊ မြစိမ်း စတဲ့ ကျေးရွာတွေနဲ့ တမူးမြို့နယ်ရှိ နန်းခေါက်ခေါက်၊ ဘုတ်ကန်၊ ဝိတုတ်၊ ဖိုင်လင်း၊ ခမ်းပတ်၊ ဖက်ယား ရေရှင်၊ ကျွန်းတော ‌‌ရေရှင်၊ ကနန် စတဲ့ ကျေးရွာတွေ အပါအဝင် စုစုပေါင်း ကျေးရွာ ၅၀ ကျော်က ဒေသခံ‌‌ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ အကူအညီ ပေးသူတစ်ဦးက ပြောပါတယ်။

“ကလေးမြောက်ပိုင်းကတော့ ရွာတိုင်းလိုလို ရှောင်ကြရတယ်၊ တမူးဘက်ကလည်း အတူတူပဲ၊ အကုန် ရှောင်ကြရတယ်။ တမူးဘက်တော့ အိန္ဒိယဘက် ပြေးတဲ့သူက ပြေးကြတယ်။ ကလေးဘက်ကတော့ မြို့ထဲ ပြန်ဝင်တဲ့သူက ပြန်ဝင်ကြတယ်။ ကလေးအနောက်လမ်းကနေ မြို့ထဲ ဝင်ကြတဲ့ သူတွေက ဆည်ကြီးဂိတ်မှာ ဖမ်းဆီးခံရတာ ရှိတယ်လို့ သိရတယ်။ အခုကတော့ အားလုံး ဝရုန်းသုန်းကား အခြေ အနေပဲ”

ကလေးမြို့နယ်မှာ စစ်အုပ်စုရဲ့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) ရှိသလို နောက်ထပ် စစ်အခြေစိုက်စခန်းတွေ ဖြစ်တဲ့ ခြေလျင်တပ်ရင်း -(ခလရ)၊ ခြေမြတ်တပ်ရင်း – ခမရ နဲ့ စစ်အခြေခံ လေ့ကျင့်ရေးတပ် – စခတ၊ အမြောက်တပ် တွေ ၂၀ ခန့် ရှိကာ စစ်အုပ်စုက လေကြောင်းသုံးပြီး လူ၊ လက်နက်၊ ရိက္ခာ ဖြည့်တင်းတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ကလေးမြို့နယ်ထဲ လှုပ်ရှားနေတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ နှစ်ပိုင်းက တွေ့ရစဉ်/Photo – CJ၊ ကလေး PDF

Related Articles

Back to top button