MN/MFP ၊ အောက်တိုဘာ – ၂၀ ရက်
မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက ကျေးရွာတွေကို မနေ့က အောက်တိုဘာ ၁၉ ရက်မှာ စစ်အုပ်စု လေကြောင်းက ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ခုနစ်ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မြင်းခြံခရိုင်အတွင်းက ငါန်းဇွန်၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာစတဲ့မြို့နယ်တွေက ကျေးရွာတွေကို စစ်အုပ်စုက မနေ့က တစ်ရက်တည်းမှာ စက်တပ်လေထီး၊ တိုက်လေယာဉ်တွေနဲ့ လေကြောင်းက ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တောင်သာမြို့နယ် မြောက်ခြမ်းရှိ ရုံးပင်ကျေးရွာကို တိုက်ပွဲဖြစ်နေတာမရှိဘဲ ဂျက်ဖိုက်တာနဲ့ လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံးပြီး ကလေးတစ်ဦးအပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
“တိုက်ပွဲမရှိဘဲ ကြဲသွားတာ။ သေဆုံးသူကတော့ နှစ်ဦးပေါ့။ သေဆုံးသူ နှစ်ဦးထဲက အမျိုးသမီးတစ်ဦးရဲ့ သားဖြစ်တဲ့ ကလေးဆိုရင် ဒဏ်ရာပြင်းထန်ပါတယ်။ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဒီကနေ့ပဲ ကူညီထောက်ပံ့ငွေတွေ ပေးခဲ့ပါတယ်”
အလားတူ နွားထိုးကြီးမြို့နယ် မြောက်ခြမ်းမှာလည်း မနေ့က မနက်ပိုင်းမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား နှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့သလို နေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။
နွားထိုးကြီးမြို့နယ်ထဲမှာ စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားနေသလို လေကြောင်းကနေပါ မကြာခဏ ဗုံးကြဲနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“နွားထိုးကြီးနယ်ထဲမှာ စစ်ကြောင်းက သုံးကြောင်းထိုးနေတာ။ တစ်ကြောင်းကတော့ နွားထိုးကြီးမြို့ပေါ် ရောက်သွားပြီး။ နွားထိုးကြီးအနောက်ခြမ်းကနေ ထိုးနေတဲ့ သီတာယုမွန်တို့အဖွဲ့တွေကတော့ နွားထိုးကြီးမြို့ပေါ်မရောက်သေးဘူး။ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဆက်ဖြစ်နေတာ။ လေယာဉ်ကလည်း နေ့တိုင်းလာကြဲနေတာ”လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၀ ရက်မှာလည်း နွားထိုးကြီးနယ်အနောက်ခြမ်းနဲ့ တခြားနေရာတွေမှာ စစ်အုပ်စုက တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲနေပြီး သေဆုံး၊ထိခိုက်ဒဏ်ရာရရှိတဲ့ အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
မြင်းခြံခရိုင်ထဲမှာ မနေ့က အောက်တိုဘာ ၁၉ ရက် တစ်ရက်တည်းမှာ စစ်အုပ်စု လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး လေးဦးနဲ့ အမျိုးသား သုံးဦး သေဆုံးခဲ့ပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကာ နေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
မြင်းခြံခရိုင်ထဲမှာ စစ်အုပ်စုက ပြီးခဲ့တဲ့ ဩဂုတ်လကစတင်ပြီး ရွေးကောက်ပွဲလုပ်ဖို့ နယ်မြေစိုးမိုးနိုင်ဖို့ရာအတွက် ကျေးရွာတွေကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး မီးရှို့နေသလို ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေအပါဝင် အမျိုးသမီးတွေကို အဓမ္မပြုကျင့် သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက MFP ကို ဖြေဆိုထားပါတယ်။
လက်ရှိမှာ စစ်အုပ်စု စစ်ကြောင်းထိုးမီးရှို့တာနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ စတဲ့ မြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ စတဲ့ အကူညီတွေ လိုအပ်နေတယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



