မောင်သက်/MFP၊ အောက်တိုဘာ -၂၀
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တဖက်ကမ်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့ထဲက တရုတ်ကြေးနီစက်ရုံ အနီးဝန်းကျင် ကျေးရွာတွေကို စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို ဖမ်းဆီးကာ ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချသလို တချို့ကို သတ်ဖြတ်စွန့်ပစ်တာတွေ လုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အောက်တိုဘာ ၁၈ရက်ကစလို့ ဆားလင်းကြီးနယ်ထဲ စစ်အုပ်စု အင်အား ၁၅၀ လောက်နဲ့ နှစ်ဖွဲ့ခွဲကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေပြီး ပါရာမော်တာ – စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာ – ရဟတ်ယာဉ်ငယ်တွေနဲ့လည်း လေကြောင်းကနေ ဗုံးကြဲပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ဆားလင်းကြီးနယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ အောက်တိုဘာ ၂၀ရက် ဒီမနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အသေအပျောက် ရှိကာ နောက်ပြန်ဆုတ် သွားတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
“တိုက်ပွဲက ကိုယ့်ဖက်က အထိအခိုက် မရှိဘူး၊ ခွေးဖက်က အထိအခိုက် များတယ်၊ စစ်ကြောင်းက နောက်ဆုတ်သွားပြီး ဇီးတောရွာနီး ညောင်ပင်ကြီး – ဆားလင်းကြီးလမ်းပိုင်း၊ သိင်္ဂီရွှေစင် ဆီဆိုင်မှာ အခုချိန်ထိ တပ်စွဲထားတယ်”
ဇီးတောရွာကနေ မကျီးတန်းရွာဘက် ကူးချိန် တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ အောက်တိုဘာ ၁၈ရက်က ဆည်တဲရွာကို စီးနင်းလုယက်ချိန် ဒေသခံ ပြည်သူ သုံးဦးကို ဖမ်းဆီးကာ ဓားစာခံ လူသားဒိုင်းကာအဖြစ် အသုံးချခဲ့ပြီး တိုက်ပွဲဖြစ်ပြီးချိန် အဲ့ဒီ ပြည်သူတွေထဲက နှစ်ဦးကို ဓားနဲ့မွှမ်းကာ သတ်ဖြတ်စွန့်ပစ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“တိုက်ပွဲဖြစ်ရာနေရာမှာ သေတဲ့သူတွေက ဓားတွေနဲ့ မွှန်းပြီး သတ်ထားခဲ့တာတဲ့” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
သေဆုံးသူ နှစ်ဦးဟာ အသက် ၄၀ ဝန်းကျင် အရပ်သားပြည်သူနှစ်ဦး ဖြစ်ပြီး နောက်ထပ် ဖမ်းဆီးခံရတဲ့ ပြည်သူတွေရဲ့ အခြေအနေကိုတော့ MFP အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
တိုက်ပွဲမှာ ထိခိုက်တဲ့ စစ်အုပ်စုကိုတော့ တရုတ်ကြေးနီစက်ရုံ ဝမ်ဘောင်ကုမ္မဏီအတွင်း သယ်ယူသွားတယ်လို့လည်း ဆိုပါတယ်။
တချိန်တည်းမှာပဲ ဆားလင်းကြီးနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းပစ်ကူပေးနေပြီး အောက်တိုဘာ ၁၉ရက်မှာ ဆားလင်းကြီးနယ်ထဲ ပါရာမော်တာ နှစ်စီးနဲ့ ဗုံးကြဲကာ၊ ဒီကနေ့ နေ့ခင်းပိုင်းမှာလည်း ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ ဗုံးကြဲတယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး ရန်ပြုတာနဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် ဆားလင်းကြီးနယ်ရှိ လက်ပံတောင်း၊ ရွှေလှေ၊ ပလောင်၊ ကူးတို့ကုန်း၊ ဝဲကြီး၊ ဝဲကွဲ၊ ဝှက်မှေး၊ ကံတော၊ ဇီးတော၊ ဆည်တဲ၊ သဲကောကြီး၊ လယ်တီ၊ တုံ၊ တောကျောင်း၊ ဖောင်းကတာ၊ ထန်းတောကြီး စတဲ့ ကျေးရွာတွေက ပြည်သူ ၁၅,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးကာ စစ်ဘေးရှောင် နေကြရပြီး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
ဆားလင်းကြီးနယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေ ရန်ပြုနေလို့ စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့ ဒေသခံတွေ/Photo – ပေးပို့၊ မောင်သက်/MFP



