မကွေးသတင်း

စစ်အုပ်စုစစ်ကြောင်းတွေ ဆက်တိုက်ထိုးနေတာကြောင့် ပခုက္ကူနယ်က ကျေးရွာငါးရွာ စစ်ရှောင်နေရ

အီသာရမ်/MFP ၊အောက်တိုဘာ-၂၁

မကွေးတိုင်း၊ ပခုက္ကူနယ်မှာ စစ်အုပ်စုစစ်ကြောင်းတွေ ဆက်တိုက်ထိုးလာတာကြောင့် ကျေးရွာငါးရွာခန့်က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

စစ်ကြောင်းတွေကြောင့် ပုတီးတွင်း၊ ညောင်ဂျစ်ပင်၊ ရွာသာအေး၊ ပြည့်အိုင်နဲ့ အင်ကြင်းပင်စတဲ့ ရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့ နဲ့ ဒီနေ့အထိ ပခုက္ကူမြို့ အထိုင်တပ်ဖြစ်တဲ့ တပ်မ -၁၀၁ ကနေ ပခုက္ကူမြို့အနောက်ဘက်က အနောက်ချောက်ကန်ကျေးရွာကို ကားနှစ်စီးနဲ့စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်လာတာလို့ ဆိုပါတယ်။

ဒ့ါအပြင် ပခုက္ကူ-ပေါက်လမ်းမပေါ် ကန်တော်ကျေးရွာက စစ်အုပ်စုအထိုင်စခန်းကနေလည်း စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းက ဆက်တိုက်ပါ ချောက်ကန်ဘက်က ပြည်သူတွေ ဖမ်းတယ်လို့တော့ကြားတယ်။ အတိအကျ မသိရသေးဘူး၊ ကန်တော်က စစ်ကြောင်းလည်း လှုပ်နေတယ်”

ပခုက္ကူတပ်မ-၁၀၁ က ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းမှာ အင်အား၄၀ ကျော်ရှိပြီး အဲဒီစစ်ကြောင်းက ချောက်ကန်ကျေးရွာက လူငယ်တွေကို ဖမ်းဆီး‌တာတွေရှိနေပေမဲ့ ဖမ်းဆီးခံရတဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

လတ်တလောမှာတော့ ကန်တော်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်အုပ်စုစစ်ကြောင်းက ပခုက္ကူမြို့နယ် အနောက်ခြမ်းကျေးရွာတွေဖြစ်တဲ့ ပုတီးတွင်းကျေးရွာ နဲ့ ညောင်ဂျစ်ပင်ကျေးရွာအနီးကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

ပခုက္ကူနယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးရာမှာ စစ်မှုထမ်းဥဒေနဲ့ လူသစ်စုဆောင်းခံထားရတဲ့ စစ်သားအသစ်တွေကို အင်အားဖြည့်ကာ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

ဓာတ်ပုံ-အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button