တရုတ်ကြေးနီစက်ရုံအနီး စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊ လူသတ်၊ ဗုံးကြဲနေတာ ခြောက်ရက်ကြာရှိလာပြီး စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာ လိုအပ်၊
ဘဦး/MFP၊ အောက်တိုဘာ -၂၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်နေသလို လေကြောင်းကနေပါ နေ့စဉ်ရက်ဆက် ဗုံးကြဲနေလို့ သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စားသောက်နေထိုင်ရေးအတွက် အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မုံရွာမြို့တဖက်ကမ်း ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ကြေးနီစက်ရုံ အနီးဝန်းကျင် ကျေးရွာတွေကို အောက်တိုဘာ ၁၈ရက်က စလို့ စစ်အုပ်စုက အင်အားရာချီ အသုံးပြုကာ နှစ်ဖွဲ့ခွဲပြီး ရွာစဉ်ပတ်မွှေ စီးနင်းကာ လူသတ်၊ လုယက်သလို ပါရာမော်တာ – စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာ – ရဟတ်ယာဉ်ငယ်တွေ အသုံးပြုကာ ဗုံးကြဲနေတာ ဖြစ်ပါတယ်။
စစ်အုပ်စု ရန်ကြောင့် စားနပ်ရိက္ခာ သယ်ဆောင်နိုင်တာ မရှိဘဲ ရုတ်ရက် ထွက်ပြေးတိမ်းရှောင်လာရတာလို့ စစ်ရှောင်ပြည်သူတစ်ဦးက MFP ကို ပြောပါတယ်။
“စစ်ရှောင်ရတာ ငါးရက်ရှိပြီ။ အဓိက လိုအပ်တာတော့ စားနပ်ရိက္ခာပဲ၊ ကားရှိသူတွေက သယ်နိုင်ပေမယ့် အခြေခံ လူတန်းစားတွေကတော့ ဆိုင်ကယ်နဲ့ အသက်လု ပြေးရတယ်လေ၊ အခုဆို ပါတဲ့ ရိက္ခာက ကုန်ပြီ”
စစ်ဘေးရှောင်ပြည်သူတွေကို ဒေသတွင်း ပသုံးလုံး တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက အချင်းချင်း ကူညီကြပေမယ့် အရေအတွက် များပြားတာကြောင့် အရေးပေါ် အကူအညိတွေ လိုအပ်နေဆဲလို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။
လက်ရှိမှာ ဆားလင်းကြီးနယ်ရှိ လက်ပံတောင်း၊ ရွှေလှေ၊ ပလောင်၊ ကူးတို့ကုန်း၊ ဝဲကြီး၊ ဝဲကွဲ၊ ဝှက်မှေး၊ ကံတော၊ ဇီးတော၊ ဆည်တဲ၊ သဲကောကြီး၊ လယ်တီ၊ တုံ၊ တောကျောင်း၊ ဖောင်းကတာ၊ ထန်းတောကြီး စတဲ့ ကျေးရွာတွေက ပြည်သူ ၁၅,၀၀၀ ကျော် စစ်ဘေးရှောင် နေကြရတာ ဖြစ်ပြီး ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးအတွက်လည်း ဆေးဝါးကုသပေးမယ့် အဖွဲ့စည်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဆားလင်းကြီးနယ် တရုတ်ကြေးနီစက်ရုံတွေအနီး ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ဒေသခံပြည်သူတွေကို ဓားစာခံ လူစားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးချတာ၊ သတ်ဖြတ်တာနဲ့ ကျေးရွာတွေအပေါ် လေကြောင်းဗုံးကြဲတာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၉ရက်က ဆားလင်းကြီးနယ် မြောက်ခြမ်း၊ ရွာသစ်ကျေးရွာကို စစ်အုပ်စုက စီးနင်းလုယက်ချိန် ဒေသခံ ပြည်သူ အမျိုးသား တစ်ဦးကို ကျေးရွာအတွင်းမှာပဲ သတ်ဖြတ်ခဲ့သလို နောက်ထပ် ပြည်သူ အမျိုးသား နှစ်ဦးကိုလည်း ခိုးရာပါ ပစ္စည်းသယ်ဖို့နဲ့ ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားပြီးနောက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီးချိန် အဲ့ဒီ ပြည်သူ နှစ်ဦးကို ဓားနဲ့မွှမ်းကာ သတ်ဖြတ်စွန့်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
“အိမ်ထဲပုန်းနေတာကို ချောင်းကြည့်တာ မြင်သွားလို့ လည်ပင်းကို ဓားနဲ့လှီးသွားတာ၊ ရွာသစ်ကို ၁၉ ရက်နေ့က စထိုးတာ၊ စစ်ကြောင်းစဝင်တာက ၁၈ ရက်နေ့ကတည်းက၊ အဲဒီနေ့က တုံရွာမှာပဲ” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဆားလင်းကြီးနယ်ထဲ နေ့စဉ်ရက်ဆက် ဗုံးကြဲနေတဲ့ စစ်အုပ်စုက အောက်တိုဘာ ၂၀ ရက်မှာ စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ စစ်ရှောင်တစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အထက်ပါအတိုင်း ဆားလင်းကြီးနယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်နေတဲ့ စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေ အောက်တိုဘာ ၂၀ရက်က တိုက်ပွဲဖြစ်ပြီးနောက် လက်ရှိမှာ စစ်အုပ်စုက ဆည်တဲနဲ့ ဇီးတောရွာအနီး ရပ်နားခိုအောင်းနေပြီး လေကြောင်းတိုက်ခိုက်မှုတွေသာ ရက်ဆက် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဆားလင်းကြီးနယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေ ရန်ပြုနေလို့ စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့ ဒေသခံတွေ/Photo – ဘဦး/MFP



