ထင်လင်း/MFP ၊ အောက်တိုဘာ – ၂၂
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး – မိုးကုတ် ကားလမ်းပေါ်က အချက်အခြာကျတဲ့ ဖော့တောလမ်းဆုံကို လေကြောင်းအားကိုးနဲ့ ပြန်လည် သိမ်းယူနိုင်တဲ့ စစ်အုပ်စုက နောက်ထပ် နယ်မြေချဲ့ထွင်ဖို့ ကြိုးစားနေပြီး မနေ့က အောက်တိုဘာ ၂၁ရက်မှာ ဖော့တောလမ်းဆုံရဲ့ အထက်ဘက် မိုးကုတ်မြို့နဲ့ အောက်ဘက်က ဇရပ်ကွင်းရွာတွေကို ဗုံးကြဲသတ်လို့ ကလေးသူငယ်တွေ အပါအဝင် ဒေသခံပြည်သူ အနည်းဆုံး ငါးဦး သေဆုံးကာ ဒဏ်ရာရသူ ၁၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။
အောက်တိုဘာလ ၂၁ ရက် ညနေ ၃ နာရီလောက်မှာ မိုးကုတ်မြို့ အရှေ့ပိုင်း၊ ရှောလီဝိုင်းအုပ်စု၊ ကန်တော်ရပ်ကွက်၊ ရှမ်းကျောင်းနဲ့ ဘုရားငါးဆူအနီးရှိ ဖူဆယ် ဘောလုံးကွင်းကို မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချသတ်ဖြတ်လို့ မိန်းကလေးငယ် သုံးဦး သေဆုံးကာ ၁၂ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဆုံးသွားတဲ့ ကလေးတွေက အဲ့ဖူဆယ် ဘောလုံးကွင်းနားမှာ ကစားနေကြတာတဲ့။ ရင်တွေ နာလို့ မပြောချင်တော့ပါဘူး”လို့ မိုးကုတ်မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုက ဖူဆယ်ဘောလုံးကွင်းကို တိုက်လေယာဉ်နဲ့ အကြောင်းမဲ့ ဗုံးကြဲသတ်ဖြတ်လို့ သေဆုံးသူတွေဟာ ဘောလုံးကွင်းအနီး ဆော့ကစားနေတဲ့ အသက် ခြောက်နှစ်အရွယ် မစီသာလ်၊ အသက် ၁၀ နှစ်အရွယ် မခူရှီးနဲ့ ၁၂ နှစ် အရွယ် မမွန်ဘူးတို့ ဖြစ်ပြီး နောက်ထပ် အသက် ခုနှစ်နဲ့ ၁၂ နှစ်ကြားအရွယ် ကလေးသူငယ် လေးဦး၊ အဖိုး၊အဖွား သက်ကြီးရွယ်အိုတွေ အပါအဝင် အမျိုးသား ခုနှစ်ဦးနဲ့ အမျိုးသား ငါးဦး၊ ၁၂ ဦး ဒဏ်ရာရပြီး နေအိမ် အဆောက်အအုံ ၁၁ လုံး ပျက်စီးတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း – TWO က ထုတ်ပြန်ပါတယ်။
“(သေဆုံး၊ ဒဏ်ရာရသူတေါထဲ) လေးနှစ်အရွယ်လေးရော ပါတယ်၊ မောင်နှမ သုံးယောက်၊ သူတို့ အဖေက နေမကောင်းဖြစ်နေတာ၊ ဒီလိုဖြစ်တော့ စိတ်ထိခိုက်ပြီး အိမ်က ထွက်သွားတယ်တဲ့” လို့ မိုးကုတ်မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
မိုးကုတ်မြို့ကို ဗုံးကြဲသတ်ပြီးနောက် နာရီပိုင်းအကြာ အောက်တိုဘာ ၂၁ရက် ညနေ ၆နာရီဝန်းကျင်မှာလည်း ဖော့တောလမ်းဆုံရဲ့ အောက်ဘက်၊ မန္တလေး – မိုးကုတ် ကားလမ်းပေါ်က စည်ကားတဲ့ ကျေးရွာကြီးဖြစ်တဲ့ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာ ရွယ်လယ်စျေးထဲကို စစ်အုပ်စုက ထပ်မံပြီး ဒရုန်းနဲ့ ဗုံးကြဲသတ်ဖြတ်ရာ ကလေးသူငယ် အပါအဝင် အပါအဝင် ဒေသခံတွေ ထိခိုက်သေဆုံးတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဇရပ်ကွင်းကျေးရွာ ရွာလယ်စျေးနဲ့ တံတားနားက ထမင်းဆိုင်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် တစ်နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား ပြည်သူ ငါးဦး ထိခိုက်၊ သေဆုံးကာ စျေးဆိုင်ခန်းတချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စျေးထဲကျတာလို့ပဲ သိတာ”လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ထိခိုက်သူ သါးဦးလုံး သေဆုံးတယ်လို့ သတင်းထွက်နေသလို ငါးဦးလုံး မသေဆုံးဘဲ တချို့က ဒဏ်ရာပြင်းထန်တယ်လို့လည်း သတင်းကြားရပြီး အသေဒစိတ်ကိုတော့ မသိရသေးဘူးလို့ MFP ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇရပ်ကွင်းကျေးရွာရဲ့ အနောက်ဘက် တမိုင်ခွဲခန့်အကွာ၊ လမ်းလယ်ကျစ်ကျေးရွာမှာတော့ သပိတ်ကျင်းမြို့ဘက်က ဖောက်ထွက်လာတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက အထိုင်ချ တပ်စွဲထားတာဖြစ်ပြီး မန္တလေး – မိုးကုတ် ကားလမ်းပေါ် ခြေချနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဇရပ်ကွင်းကျေးရွာရဲ့ မြောက်ဘက် သုံးမိုင်ကျော်အကွာ၊ ဖော့တောလမ်းဆုံကို လေကြောင်းနဲ့ ဒရုန်းအားကိုးကာ ပြန်လည် သိမ်းယူပြီးနောက် ဖော့တောလမ်းဆုံရဲ့ အထက်ဘက်၊ မန္တလေး – မိုးကုတ်လမ်းအတိုင်း မိုးကုတ်ဘက် ရှေ့ဆက်တိုးနိုင်ဖို့ ကြိုးစားနေသလို လမ်းဆုံရဲ့ အောက်ဘက် ဇရပ်ကွင်းဘက်ကိုလည်း လေယာဉ်၊ ဒရုန်းတွေနဲ့ နေ့စဉ်ရက်ဆက် ဗုံးကြဲနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ ဖော့တောလမ်းဆုံတဝိုက် တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်အုပ်စုက အသေခံဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်နေတာကြောင့် အရပ်သားပြည်သူ အများအပြားဟာ တိုက်ပွဲတွေနဲ့ ဝေးရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်အုပ်စုဟာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့၊ရွာတွေကို ပြန်ရဖို့ လေကြောင်းအားကိုး၊ တရုတ်အားကိုးနဲ့ ကြိုးစားနေပြီး စစ်ရှုံးနယ်မြေတွေ ပြန်ရရေးအတွက် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကိုပါ နေ့စဉ် ဗုံးကြဲသတ်ဖြတ်နေတာလည်း ဖြစ်ပါတယ်။
မိုးကုတ်မြို့နဲ့ သပိတ်ကျင်းနယ် ဇရပ်ကွင်းရွာကို စစ်အုပ်စုက တိုက်လေယာဉ်၊ ဒရုန်းတွေနဲ့ ဗုံးကြဲသတ်လို့ သေဆုံး၊ ဒဏ်ရာရသူတဲ့ ကလေးသူငယ်တွေနဲ့ အပျက်အစီးတွေ/Photo – ပေးပို့၊ TWO, TNLA



