ကိုကော်ဖီ/MFP ၊ အောက်တိုဘာ – ၂၂
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အောက်တိုဘာ ၂၁ရက် မနေ့က မွန်းလွဲပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ ကလေးသူငယ် သုံးဦး သေဆုံးကာ ဒဏ်ရာရသူ ၁၂ ဦးအနက် နောက်ထပ် ကလေးငယ်တစ်ဦး ထပ်မံ သေဆုံးတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
သေဆုံးသူ ကလေးငယ်ဟာ အသက် ၁၃နှစ်အရွယ် မောင်ရဲရင့်အောင် ဖြစ်ပြီး ဗုံးထိမှန်လို့ ဦးခေါင်နဲ့ ခန္ဓာကိုယ်အောက်ပိုင်း ထိမှန်ဒဏ်ရာရကာ ဆေးကုသနေချိန် မနေ့က ည ၉နာရီဝန်းကျင်မှာ ဆုံးပါးတာလို့ ဆိုပါတယ်။
“ဒီ ကလေးက အစက ဒဏ်ရာပဲ ရတာဆိုတော့ သူ့အိမ်က အိမ်ကို ပြန်ခေါ်လာတာ။ ပြီးတော့ ဒဏ်ရာက ပြင်းထန်တော့ ဆေးရုံကို ပို့ကြတာ။ ည ၉နာရီကြတော့ ဆုံးသွားတာ” လို့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။
အောက်တိုဘာလ ၂၁ ရက် ညနေ ၃ နာရီလောက်က မိုးကုတ်မြို့ အရှေ့ပိုင်း၊ ရှောလီဝိုင်းအုပ်စု၊ ကန်တော်ရပ်ကွက်၊ ရှမ်းကျောင်းနဲ့ ဘုရားငါးဆူအနီးရှိ ဖူဆယ် ဘောလုံးကွင်းကို မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချသတ်ဖြတ်လို့ မိန်းကလေးငယ် သုံးဦး သေဆုံးကာ ၁၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ဗုံးကြဲခံရတဲ့နေရာမှာတင် သေဆုံးသူတွေဟာ အသက် ခြောက်နှစ်အရွယ် မစီသာလ်၊ အသက် ၁၀ နှစ်အရွယ် မခူရှီးနဲ့ ၁၂ နှစ် အရွယ် မမွန်ဘူးတို့ ဖြစ်ပြီး နောက်ထပ် အသက် ခုနှစ်နဲ့ ၁၂ နှစ်ကြားအရွယ် ကလေးသူငယ် လေးဦး၊ အဖိုး၊အဖွား သက်ကြီးရွယ်အိုတွေ အပါအဝင် အမျိုးသား ခုနှစ်ဦးနဲ့ အမျိုးသား ငါးဦး၊ ၁၂ ဦး ဒဏ်ရာရပြီး နေအိမ် အဆောက်အအုံ ၁၁ လုံး ပျက်စီးတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း – TWO က ထုတ်ပြန်ပါတယ်။
အဲ့ဒီ သေဆုံး၊ ဒဏ်ရာရသူတွေဟာ ဂေါ်ရခါး လူမျိုးတွေ ဖြစ်ပြီး ဟိန္ဒူဘာသာရေးပွဲတော်ဖြစ်တဲ့ ဒီပါဝလီ ( Deepavali) မီးထွန်ူပွဲတော် ကျင်းပဖို့ ပြင်ဆင်နေကြချိန် အခုလို စစ်အုပ်စုရဲ့ ဗုံးကြဲသတ်ဖြတ်မှု ခံခဲ့ရတာလို့ ဆိုပါတယ်။
“သူတို့ ပြောပြတာက မိုးကုတ်မှာ ဒေပဝါလီပွဲ လုပ်ဖို့ ပြင်နေတော့ လူကြီးတွေက ထမင်းချက်၊ ဟင်းချက်၊ ပွဲအတွက် ပြင်ဆင်နေကြတာ။ အဲ့အချိန် ကလေးတွေကလည်း သူ့ဘာသာ ဆော့နေကြတာပေါ့။ အဲ့အချိန် ဗုံးကြဲသွားတော့ ကလေးတွေ အနားမှာ သူတို့ မရှိကြဘူး။ သွားကြည့်လိုက်တော့ သေနေတာ၊ ဒဏ်ရာ ရနေတာတွေက သူတို့ ကလေးတွေ ဖြစ်နေတာ တွေ့လိုက်ရတာပဲ တဲ့” လို့ သေဆုံး၊ ဒဏ်ရာရတဲ့ မိသာစုတွေနဲ့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ အောက်တိုဘာ ၂၁ရက် မနေ့က မိုးကုတ်မြို့ကို ဗုံးကြဲသတ်ပြီးနောက် နာရီပိုင်းအကြာ ညနေ ၆နာရီဝန်းကျင်မှာလည်း မန္တလေး – မိုးကုတ် ကားလမ်းပေါ်က စည်ကားတဲ့ ကျေးရွာကြီးဖြစ်တဲ့ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာ၊ ရွယ်လယ်စျေးထဲကို ဒရုန်းနဲ့ ဗုံးကြဲသတ်ဖြတ်ရာ ကလေးသူငယ် အပါအဝင် ဒေသခံ ငါးဦး ထိခိုက်၊ သေဆုံးခဲ့ပါသေးတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေး – မိုးကုတ်ကားလမ်း၊ အချက်အခြာနေရာဖြစ်တဲ့ ဖော့တောလမ်းဆုံကို လေကြောင်းနဲ့ ဒရုန်းအားကိုးကာ ပြန်လည် သိမ်းယူပြီးနောက် ဆက်လက် နယ်မြေချဲ့ထွင်နိုင်ဖို့ ကြိုးစားနေပြီး ဖော့တောလမ်းဆုံရဲ့ အထက်ဘက် မိုးကုတ်မြို့နဲ့ ဖော့တေ လမ်းဆုံရဲ့ အောက်ဘက် ဇရပ်ကွင်းရွာ အပါအဝင် သပိတ်ကျင်းနဲ့ စဉ့်ကူးနယ်ထဲ လေယာဉ်၊ ဒရုန်းတွေနဲ့ နေ့စဉ်ရက်ဆက် ဗုံးကြဲနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ ဖော့တောလမ်းဆုံတဝိုက် တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်အုပ်စုက အသေခံဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်နေတာကြောင့် အရပ်သားပြည်သူ အများအပြားဟာ တိုက်ပွဲတွေနဲ့ ဝေးရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်အုပ်စုဟာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့၊ရွာတွေကို ပြန်ရဖို့ လေကြောင်းအားကိုး၊ တရုတ်အားကိုးနဲ့ ကြိုးစားနေပြီး စစ်ရှုံးနယ်မြေတွေ ပြန်ရရေးအတွက် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကိုပါ နေ့စဉ် ဗုံးကြဲသတ်ဖြတ်နေတာလည်း ဖြစ်ပါတယ်။
မိုးကုတ်မြို့ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်လို့ သေဆုံး၊ ဒဏ်ရာရသူတဲ့ ကလေးသူငယ်တွေနဲ့ အပျက်အစီးတွေ/Photo – ပေးပို့၊ TWO, TNLA



