မကွေးသတင်း

ပေါက်နယ်မှာ ကုက္ကိုစုပျူစောထီးစခန်းက ထွက်လာတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်

အီသာရမ်/MFP ၊အောက်တိုဘာ-၂၃

မကွေးတိုင်း၊ ပေါက်မြို့နယ် ကုက္ကိုစုပျူစောထီးစခန်းက စစ်အုပ်စုတပ်တွေနဲ့တော်လှန်ရေးတပ်တွေ ကျေးရွာအနီးမှာ အပြန်အလှန်ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိဘဲ စစ်အုပ်စုပျူတွေ ကျေးရွာထဲ ပြန်ဝင်သွားတယ်လို့ ဒေသခံ‌သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့ မနက် ၈ နာရီခန့်က ပေါက်မြို့နယ် ကုက္ကိုစုပျူစောထီးစခန်းကနေ စစ်အုပ်စုပျူစောထီးကင်းတွေ ကျေးရွာအပြင်ကို  ထွက်လာချိန်မှာ တော်လှန်ရေးတပ်ရဲ့ကင်း‌ပုန်းတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပျူစောထီးတွေ ထိခိုက်မှုကိုတော့င စုံစမ်းနေဆဲဖြစ်တယ်လို့ ဒေသခံတော်လှန်ရေးရဲဘော် တစ်ဦးက ဆိုပါတယ်။

“အပြန်အလှန်ပစ်ခတ်တာက ခဏပါပဲ၊ထိခိုက်မှုကတော့စုံစမ်းတုန်းပဲ သူတို့က ပစ်ပြီး ရွာထဲပြန်ဝင်သွားတာ။ ပုံမှန်လိုဆိုရင်တော့ သူတို့ အပြင်မထွက်ရဲကြပါဘူး။ သူတို့ဘက်က ကင်းနဲ့ ကိုယ့်ဘက်က ကင်းပုန်းနဲ့ဖြစ်သွားတာပါ” 

ကုက္ကိုစု‌ပျူစောထီးစခန်းဟာ လက်နက်ကိုင်ပျူစောထီးအဖွဲ့ခေါင်းဆောင် ပေါက်ကိုယ်တော်ရဲ့ အားအကိုးရဆုံး စခန်းတစ်ခုဖြစ်ပြီး လက်နက်ခဲယမ်းနဲ့ရိက္ခာ အတောင့်တင်းဆုံး ပျူစောထီးစခန်းတခုဖြစ်တယ်လို့ လည်း ပေါက်ဒေသခံ ကိုလရောင်က ပြောပါတယ်။

ပေါက်မြို့နယ်မှာ စစ်အုပ်စုနဲ့ပျူစောထီးစခန်းအထိုင် ၂၀ ဝန်းကျင်ခန့်ရှိပြီး တော်လှန်ရေးတပ်တွေက စစ်အုပ်စုအထိုင်တွေကို ရိက္ခာဖြတ်တောက်ထားသလို မကြာခဏ အနီးကပ်ပစ်ခတ်တာတွေ လည်း ဆက်တိုက်ရှိတယ်လို့ ကိုလရောင်က ပြောပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏ တိုက်ခိုက်တာတွေရှိတယ် မျိုးစုံပေါ့၊၂၁ရက်နေ့က ဇီးပြား၊ တရော်ကိုင်း ပျူ‌ရွာကို ပေါက်ကိုယ်တော်ရဲ့တောင်းဆိုတာကြောင့် Y-8 နဲ့ ရိက္ခာလာချသွားတယ်၊ဇီးပြားက ရိက္ခာ​ပြတ်တောက်နေတာ အတော်ကြာပြီ”

ဇီးပြားရဲစခန်းနဲ့ တရော်ကိုင်းပျူစောထီးစခန်းတို့ကို တော်လှန်ရေးတပ်တွေက မြေပြင်ရိက္ခာပို့လမ်းကြောင်းတွေကို ဖြတ်တောက်ထားတာကြောင့် စစ်အုပ်စုက ရိက္ခာပို့ဖို့အတွက် လေကြောင်းကနေ ရိက္ခာပို့ပေးနေရတာ နှစ်နဲ့ချီရှိနေပြီလို့ဆိုပါတယ်။

ပေါက်မြို့နယ် အနောက်မြောက်ခြမ်း ကပစ-၂၄ ကို ပခုက္ကူတပ်မ ၁၀၁ က စစ်အုပ်စုစစ်ကြောင်းရောက်ရှိပြီး အင်အားတိုးထားတာကြောင့် အနီးအနားက ကျေးရွာတွေကို စစ်ကြောင်းထိုးတာနဲ့လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ် နေတယ်လို့ ဆိုပါတယ်။

‌ကပစ-၂၄ က စစ်အုပ်စုစစ်ကြောင်းက ပေါက်မြို့နယ် အနောက်မြောက်ခြမ်း ရေကတော၊ ပန်းစိမ်းတောင် အနီးတဝိုက်မှာပဲ စစ်ကြောင်းထိုးမွှေနှောက်နေကာ ကပစ-၂၄ အထိုင်ကနေလည်း ဟောင်ဝှစ်ဇာ အမျိုးအစားလက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့ ည ၇ နာရီခန့်ကလည်း တံတားဦးလေတပ်က တတ်လာတဲ့ ဖိုက်တာအမျိုးအစားလေယာဉ်နဲ့ ကျောက်တစ်ကျေးရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူထိခိုက်‌မရှိဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုစစ်ကြောင်း‌နဲ့လေကြောင်းအန္တရာယ်တွေကြောင့် ပေါက်မြို့နယ်က ကျေးရွာတချို့ စစ်ဘေးရှောင်ထွက်ပြေးနေကြရပြီး လေကြောင်းအန္တရယ်ကို သတိထားကြဖို့လည်းတော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button