စစ်ကိုင်းသတင်း

တရုတ်ကြေးနီစက်ရုံအနီး ရွာတွေကို စစ်အုပ်စု အင်အားတိုးကာ ဆက်လက် စစ်ကြောင်းထိုး၊

သတ်ဖြတ်ခံရသူ ငါးဦးထက်မနည်း ရှိပြီး စစ်ရှောင်ရတဲ့ ကျေးရွာအရေအတွက် တိုးလာ၊

ဘဦး/MFP၊ အောက်တိုဘာ – ၂၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ် ဝမ်ဘောင်နဲ့ ယန်စီ တရုတ်ကြေးနီစက်ရုံအနီးက ကျေးရွာတွေကို စစ်အုပ်စုက အင်တားတိုးချဲ့ကာ ဆက်လက် စစ်ကြောင်းထိုး ရန်ပြုနေပြီး ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဒေသခံ ငါးဦးထက်မနည်း ရှိသလို စစ်ဘေးရှောင်ထွက်ပြေးရတဲ့ ကျေးရွာတွေလည်း တိုးလာနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၁၈ရက်က စတင်ကာ စစ်အုပ်စု အင်အား ၁၅၀ လောက်နဲ့ ဆားလင်းကြီးနယ်ထဲ စစ်ကြောင်းထိုးလို့ တရုတ်ကြေးနီစက်ရုံတွေအနီးရှိ ကျေးရွာ ၁၅ရွာခန့်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ရှောင်နေရတာ ဖြစ်ပြီး ဒီကနေ့ အောက်တိုဘာ ၂၄ရက်မှာ ကြေးနီစက်ရုံထဲက စစ်အုပ်စုပါ ထပ်မံ အင်အားတိုးပြီး စစ်ကြောင်းထိုးတာကြောင့် နောက်ထပ် ကျေးရွာ ခြောက်ရွာခန့် ထပ်တိုး စစ်ရှောင်နေရတာလို့ ဆိုပါတယ်။

“အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ကျေးရွာပေါင်း ၂၀ နီးပါး စစ်ရှောင်နေရပါတယ်။ သူတို့အတွက် အဓိက လိုအပ်တာကတော့ စားနပ်ရိက္ခာ၊ ဆေးဝါး လိုအပ်ပါတယ်။ ပြီးတော့ သောက်သုံးရေလည်း လိုအပ်နေပါတယ်” လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစု အဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ ရုငတ်တရက် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ အသက်လု ထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာ၊ အဝတ်အထည် စတာတွေ ဘာမှ မသယ်ယူနိုင်ခဲ့ဘူးလို့ ကိုယ်တိုင်စစ်ရှောင်နေရတဲ့ အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

“စစ်ရှောင်ရတာက ဒီနေ့ရောဆို ခြောက်ညအိပ်၊ ခုနှစ်ရက်ရှိပြီ။ စစချင်း စစ်ကြောင်းက သုံးကြောင်းခွဲထိုးလာတာ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာရတာ်။ စစ်ရှောင်ရင်းနဲ့ သက်ကြီးရွယ်အိုတွေ ဆိုင်ကယ်ပေါ်က ပြုတ်ကျသေဆူံးတာ ရှိတယ်။ ဒဏ်ရာရတာလည်း ရှိတယ်။ မသွားနိုင်မလာနိုင်လို့ ရွာထဲ ကျန်ခဲ့တဲ့ လူကြီးတွေလည်း ရှိတယ်။ ပြည်သူတွေက ဒီစစ်ကြောင်းတွေကို ကြောက်လည်း ကြောက်ကြတယ်။ အခုတော့ တော်တော်လေးကို ဒုက္ခရောက်နေတယ်”

ဆားလင်းကြီးနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ဒေသခံ တချို့ကို ဓားစာခံ လူသားဒိုင်းကာဖြစ် ဖမ်းဆီးအသုံးချကာ သတ်ဖြတ်တာတွေလည်း ရှိပြီး အောက်တိုဘာ ၁၉ရက်က ဆည်တဲရွာအနီးမှာ နှစ်ဦး၊ ဇီးတောရွာအနီးမှာ နှစ်ဦး သတ်ဖြတ်စွန့်ပစ်ခဲ့သလို အောက်တိုဘာ ၁၉ရက်မှာပဲ စစ်ရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းနဲ့ အဆောက်အအုံတွေကို လေကြောင်းဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံးကာ သံဃာတစ်ပါး အပါအဝင် စစ်ရှောင် လေးဦးဒဏ်ရာရတယ်လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစု အဖွဲ့ဝင်က ပြောပါတယ်။

“ဆည်တဲရွာ၊ ရွာသစ်အနီးမှာ အသတ်ခံရတဲ့ပြည်သူနှစ်ဦးကိုတော့ အလောင်းကောက်နိုင်လို့ မိသားစုက သင်္ဂြိုဟ်ခွင့်ရခဲ့ပါတယ်။ ဇီးတောရွာသစ်ဘက်မှာ အသတ်ခံရတဲ့ အလောင်းနှစ်လောင်းကတော့ မကောက်နိုင်သေးဘူးတဲ့၊ အခုလည်း ဆည်တဲဘုန်းကြီးကျောင်းဘက်မှာ ပြည်သူအလောင်းတွေကို တန်းစီချထားတယ်လို့ ကြားတယ်”

လက်ရှိမှာ စစ်အုပ်စုက တရုတ်ကြေးနီစက်ရုံခြံည်ရိုးအပြင်ဘက်၊ ဆည်တဲနဲ့ ဇီးတောကျေးရွာတွေအနီး အထိုင်ချ ရပ်နားနေပြီး လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်တာ၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ က တက်လာတဲ့ ပါရာတော်တာ-စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာ – ရဟတ်ယာဉ်ငယ်တွေနဲ့ ဆားလင်းကြီးနယ်ထဲ လေကြောင်းဗုံးကြဲတာတွေ နေ့စဉ် ကျူးလွန်နေတယ်လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစု အဖွဲ့ဝင်က ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ဆားလင်းကြီးနယ်ရှိ လက်ပံတောင်း၊ ရွှေလှေ၊ ပလောင်၊ ကူးတို့ကုန်း၊ ဝဲကြီး၊ ဝဲကွဲ၊ ဝှက်မှေး၊ ကံတော၊ ဇီးတော၊ ဆည်တဲ၊ သဲကောကြီး၊ လယ်တီ၊ တုံ၊ တောကျောင်း၊ ဖောင်းကတာ၊ ထန်းတောကြီး၊ မိုးကြိုးပြင် အလယ်ရွာ၊ တောင်ရွာနဲ့ မြောက်ရွာ၊ ဖောင်းကား အလယ်ရွာ၊ တောင်ရွာနဲ့ မြောက်ရွာ စတဲ့ ကျေးရွာတွေက ပြည်သူ ၂၀,၀၀၀ ခန့် စစ်ဘေးရှောင် နေကြရတာ ဖြစ်ပြီး ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးအတွက်လည်း ဆေးဝါးကုသပေးမယ့် အဖွဲ့စည်းတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဆားလင်းကြီးနယ် တရုတ်ကြေးနီစက်ရုံအနီး ကျေးရွာတွေကို စစ်အုပ်စု စစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – မောင်ဘဦး/MFP၊ CJ

Related Articles

Back to top button