တရုတ်ကြေးနီစက်ရုံ နှစ်ရက်ဆက် လက်နက်ကြီး ထုခံရပြီး လုပ်ငန်းတွေ ယာယီရပ်နား၊
ကြေးနီစက်ရုံထဲက စစ်ကြောင်းထွက်ကာ ရွာစဉ်ပတ်မွှေ ရန်ပြုနေပြီး စက်ရုံထဲကနေ လက်နက်ကြီးနဲ့လည်း ရမ်းကားပစ်ခတ်နေ၊
ဘဦး/MFP၊ အောက်တိုဘာ – ၂၆
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲ တောင်တွေဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ပိုင် ဝမ်ဘောင် ကြေးနီစက်ရုံ နှစ်ရက်ဆက် လက်နက်ကြီးနဲ့ ထုခံရပြီးနောက် ဝမ်ဘောင်ရော၊ ယန်စီစက်ရုံပါ ကြေးနီတူးဖော် ထုတ်လုပ်မှု လုပ်ငန်းတွေ ယာယီရပ်နားသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အောက်တိုဘာ ၂၃ရက် ည ၉နာရီဝန်းကျင်မှာ ဆားလင်းကြီးနယ်ရှိ တရုတ်ပိုင် ဝမ်ဘောင် ကြေးနီစက်ရုံ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရသလို အောက်တိုဘာ ၂၅ရက် ညနေ ၆ နာရီမှာလည်း အဲ့ဒီ တရုတ်ပိုင် ဝမ်ဘောင်ကြေးနီစက်ရုံ လက်နက်ကြီးနဲ့ ထပ်မံ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။
မနေ့က ညနေပိုင်း ဝမ်ဘောင်ကြေးနီစက်ရုံထဲ လက်နက်ကြီး သုံးလုံး ကျရောက်ပေါက်ကွဲသံ ကြားရပြိီးနောက် ဝမ်ဘောင်ရော ယန်စီကုမ္မဏီပါ ကြေးနီတူးဖော်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ရပ်နားသွားပြီး ဒီမနက်ပိုင်းအထိ လုပ်ငန်းတွေ ပြန်လည်ပတ်တာ မရှိသေးဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
“ပေါက်ကွဲသံ ကြားပြီးနောက် ဥသြဆွဲသံ ကြားတယ်။ အချိန်အကြာကြီး ဥသြဆွဲတာ၊ လက်နက်ကြီး ဘယ်နေရာ ကျတယ်ဆိုတာတော့ မသိရဘူး”
မနေ့ညက ဝမ်ဘောင်ကြေးနီစက်ရုံ လက်နက်ကြီး ထုခံရပြီးနောက် ဒီကနေ့ အောက်တိုဘာ ၂၆ရက် မနက် ၁၀ နာရီကျော်မှာ ဝမ်ဘောင်ကြေးနီစက်ရုံထဲက ထွက်လာတဲ့ စစ်အုပ်စုက အောင်ချမ်းစည်ရွာကို စီးနင်းဝင်မွှေနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
“အင်အား ၆၀ နီးပါး ဝမ်ဘောင်ကနေ ညောင်ပင်ကြိီး လျှပ်စစ်ရုံးဝန်းထဲကူးပြီး အောင်ချမ်းစည်ရွာကို ဝင်မွှေနေတယ်။ ကုမ္မဏီလည်ပတ်နေသ၍တော့ ကျနော်တို့ ဒေသခံတွေ စစ်ဘေးရှောင်နေရအုံးမှာပဲ”
အောင်ချမ်းစည်ရွာဟာ လက်ပံတောင်းတောင်ရဲ့ မြောက်ဖက်ခြမ်းမှာ ရှိတဲ့ ရွာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၆ရက် ဒီကနေ့ မနက်ပိုင်း တရုတ် ဝမ်ဘောင်မ္မဏီထဲက ထွက်လာကာ အောင်ချမ်းသည်ရွာထဲ ဝင်မွှေနေတဲ့ စစ်ကြောင်းကြောင့် အောင်ချမ်းစည်၊ ညောင်ပင်ကြီး၊ နှင်းတော၊ တောင်ပလူ၊ ကျော်ရွာ စတဲ့ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၃ရက် ညပိုင်းကလည်း ဝမ်ဘောင်ကုမ္မဏီ လက်နက်ကြီး ထုခံရပြီးနောက် စက်ရုံထဲကနေ ချက်ချင်းဆိုသလို လက်နက်ကြီးတွေနဲ့ ပြန်လည် ရမ်းကားပစ်ခတ်တာ၊ မနက်ပိုင်းမှာ စက်ရုံထဲက စစ်ကြောင်းတွေ ထွက်လာပြီး ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး ရန်ပြုတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ အောက်တိုဘာ ၁၈ရက်က စလို့ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ် တရုတ်ကြေးနီစက်ရုံ အနီးဝန်းကျင်က ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး ရန်ပြုနေတာ ဖြစ်ပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ရက်သတ္တတစ်ပါတ်တာအတွင်း ဒေသခံ ငါးဦးထက်မနည်း သေဆုံးကာ ရွာ ၂၀ ကျော်က သောင်းချီတဲ့ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တတစ်ပါတ်ကျော်ကတည်းက ဆားလင်းကြီးနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ ရန်ပြုနေတဲ့ စစ်အုပ်စုဟာ ဆည်တဲရွာသစ်အနီးမှာ တပ်စွဲထားပြီး ပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်တာ၊ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တက်လာတဲ့ ပါရာမော်တာ – စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာ – ရဟတ်ယာဉ်ငယ်တွေနဲ့ ဗုံးကြဲတာတွေ လုပ်နေလို့ ပြည်သူတွေ နေရပ်မပြန်နိုင်သေးဘဲ စားသောက်နေထိုင်ရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်တဖက်ကမ်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်ထဲက စံပယ်တောင်၊ ကြေးစင်တောင်နဲ့ လက်ပံတောင်းတောင်တွေကို ဖြိုကာ တရုတ်က ကြေးနီတူးနေပြီး အဲ့ဒီ တရုတ်ပိုင် မြန်မာဝမ်ဘောင်နဲ့ မြန်မာယန်စီ ကြေးနီစက်ရုံတွေကို စစ်အုပ်စုက ဂိတ်စောင့် လုံခြုံရေးယူပေးထားကာ တူးဖော်ထွက်ရှိလာတဲ့ ကြေးနီတွေကိုလည်း စစ်သင်္ဘောတွေ သုံးကာ မြစ်ကြောင်းကတဆင့် သယ်ထုတ်ပေးနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းနဲ့ ယခု လဆန်းပိုင်းမှာလည်း တရုတ်ကြေးနီစက်ရုံတွေ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ စက်ရုံလည်ပတ်မှုတွေ ခေတ္တရပ်နားခဲ့ရပါသေးတယ်။
ဆားလင်းကြီးနယ်ထဲ တောင်တွေဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ကြေးနီစက်ရုံတွေနဲ့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံ ပြည်သူတွေ/Photo – CJ၊ တရုတ်ကြေးနီစက်ရုံ



