စစ်ကိုင်းသတင်း

မုံရွာ ချောင်းဦးမှာ စစ်အုပ်စုက ဒေသခံ ၅၀ ကျော် ဖမ်းခေါ်သွားပြီး တစ်ဦးကို ရိုက်သတ်ကာ အလောင်းပြန်ပို့၊

စစ်အုပ်စု လက်ချက်နဲ့ အမျိုးသားနှစ်ဦး သေဆုံးတာဖြစ်ပြီး ဒေသခံ ၅၀ ကျော် ဆက်လက် ဖမ်းဆီးခံထားရ၊

MN/MFP ၊ အောက်တိုဘာ – ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ စစ်အုပ်စုက ဒေသခံ ၅၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သက်ကြီးပိုင်း အမျိုးသားတစ်ဦးကို ညှဉ်းပန်းရိုက်နှက်သတ်ဖြတ်ကာ အလောင်း ပြန်လာပို့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

အောက်တိုဘာ ၂၅ရက်က ချောင်းဦးမြို့နယ်၊ မုံရွာ – မန္တလေး ကားလမ်းပေါ်က ခင်မွန်ကျေးရွာကို စစ်အုပ်စုနဲ့ပျူစောထီးတွေက စီးနင်းပြီးနောက် ဒေသခံ ၅၀ ကျော်ကို ချောင်းဦးမြို့ပေါ် ဖမ်းခေါ်သွားရာက ဒီကနေ့ အလောင်းတစ်လောင်း ရွာကို ပြန်လာပို့တာလို့ ဆိုပါတယ်။

“မနေ့က ဖမ်းဆီးခံရသူတွေထဲက အသက် ၇၀ လောက်ရှိတဲ့ အမျိုးသား တစ်ဦးကတော့ သူတို့ (စစ်အုပ်စု) ရိုက်လို့သေတာလား၊ နှိပ်စက်လို့သေတာလား၊ သူ့ဘာသူ သေတာလားတော့ မသိဘူး။ ဒီကနေ့ မနက်ပိုင်းမှာ (ခစ)တွေ အလောင်းလာပို့သွားတယ်ဗျ။ မနေ့က သူတို့ဖမ်းဆီးသွားတာ သူတို့ လက်ထဲရောက်မှ သေတာပါ။ ရုပ်အလောင်းကိုတော့ ကျွန်တော်တို့ မမြင်ရသေးတော့ နှိပ်စက်ထားတဲ့ ဒဏ်ရာ ရှိ၊မရှိဆိုတာတော့ မသိရသေးဘူး။ ရွာကလည်း ဒေသခံတွေအများစု ပြန်မကပ်နိုင်ကြသေးဘူး” လို့ ခင်မွန်ရွာခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက ရိုက်သတ်တယ်လို့ ယူဆရပြီး သေဆုံးသူဟာ ခင်မွန်ရွာက အသက် ၇၀ ဝန်းကျင်အရွယ် ဦးအောင်သန်း ဖြစ်တယ်လို့ ဆိုပါတယ်။

မုံရွာ-မန္တလေး လမ်းပိုင်းပေါ်က အိမ်ခြေ ၂၀၀၀ နီးပါနဲ့ လူဦးရေ သောင်းချီရှိတဲ့ ခင်မွန်ရွာကို စစ်အုပ်စုနဲ့ပျူတွေ အောက်တိုဘာ ၂၅ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ အကြောင်းမဲ့ ရုတ်တရက် ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ ၅၀ ကျော်ကို ဖမ်းခေါ်သွားတာ ဖြစ်ပါတယ်။ ခင်မွန်ရွာကို စီးနင်းချိန် တောစပ်မှာ နွားကျောင်းနေတဲ့ ဆွံ့အ စကားမပြောတတ်တဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသား တစ်ဦးကို  စစ်အုပ်စုက သတ်ဖြတ်ပြီးနောက် နေအိမ်ထဲထည့် မီးရှို့ကာ အလောင်းကို ဖျောက်ဖျက်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ဖမ်းခေါ်သွားသူတွေထဲက ရိုက်သတ်ထားတဲ့ ဦးအောင်သန်းရဲ့ အလောင်းနဲ့အတူ တချို့ကို ပြန်လွှတ်ပေးလိုက်ပြီး လူ ၅၀ လောက်ကတော့ ချောင်းဦးမြို့ပေါ်က စစ်အုပ်စုစခန်းမှာ ချုပ်နှောင်စစ်ဆေးခံနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဖမ်းဆီးသွားတဲ့သူတွေက အယောက် ၅၀ ကျော်တယ်။ ဒီကနေ့မနက် ပြန်လွတ်လာတဲ့သူတွေ ရှိတယ်။ …။ ဖမ်းခံရသူတွေထဲက လူငယ်အများစုကတော့ ပြန်မလွတ်လာနိုင်တော့ဘူး။ PDF ဆိုပြီးတော့ တံဆိပ်ကပ်မယ်လို့ ထင်ရတယ်”

မုံရွာ-မန္တလေး လမ်းပေါ်က စည်ကားတဲ့ ခင်မွန်ရွာကို စစ်အုပ်စုက မကြာခဏ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်ပြီး ပြီးခဲ့တဲ့ မေလ ၁၃ ရက်ကလည်း ခင်မွန်ရွာခံ အမျိုးသား ၃၀ ကျော်ကို စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးပြီး ထွက်ပြေးမိတဲ့ အမျိုးသားတစ်ဦးကို သတ်ဖြတ်စွန့်ပစ်ခဲ့ပါသေးတယ်။

စစ်အုပ်စုဟာ ခင်မွန်ရွာ အပါအဝင် ချောင်းဦးမြို့နယ်ထဲ စစ်ကြောင်းထိုး၊ လူသတ်၊ လုယက်၊ မီးရှို့၊ ပေါ်တာဆွဲနေသလို လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ မကြာခဏ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ညက ချောင်းဦးမြို့နယ် မြောက်ခြမ်း မုံရွာနယ်အစပ်ရှိ ဘုံတိုရွာမှာ ပြုလုပ်နေတဲ့ ဆီမီးထွန်းသပိတ်ကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် စုစုပေါင်း ၂၄ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၆၀ ကျော်  ရှိခဲ့ပါတယ်။

ချောင်းဦးနယ်ထဲ လူသတ်၊ လုယက်၊ မီးရှို့မှုတွေ ဦးဆောင်ကျူးလွန်နေတဲ့ မင်းအောင်လှိုင် သစ္စာခံတွေနဲ့ ခင်မွန်ရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီးစဉ် (ပုံဟောင်း)/Photo – CJ၊ စစ်အုပ်စု

Related Articles

Back to top button