ကိုသူ/ MFP၊အောက်တိုဘာ-၂၉
စစ်ကိုင်းတိုင်းက စစ်ကိုင်းမြို့၊ ဟုမ္မလင်း၊ တမူးနဲ့ကလေး၀မြို့နယ်တို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP ) ဝင်တွေက အောက်တိုဘာ ၂၈ ရက်နေ့က စတင်ပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။
လာမဲ့ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အုပ်စုကျင်းပပြုလုပ်မဲ့ ရွှေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ယှည်ပြိုင်ကြမဲ့ ကိုယ်စားလှယ်လောင်းတွေက စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် လေးခုမှာ ဆိုင်းဘုတ်ထောင်၊ မဲထည်ကြဖို့ ဟောပြောစည်းရုံးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုဟောပြော စည်းရုံးနေချိန်မှာတော့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်သား၊ မီးသတ်ဝန်ထမ်းတွေက သေနတ်ကိုင်ဆောင်ကာ ဝန်းရံလုံခြုံရေးယူပေးထားပြီး မြို့အဝင်အထွက်ပေါက်တွေကိုလည်းလုံခြုံရေးတင်းကြပ် ထားတယ်လို့ တမူးမြို့နယ် စော်ဘွားရပ်ကွက်နေထိုင်သူ အသက် (၃၀)နှစ်ကျော် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“တမူးက တော့ မြို့ပြင်မှာ တိုက်ပွဲ ဖြစ်နေတယ်၊မြို့တွင်းမှာတော့ လူ လေးဆယ်လောက် ပါတယ်။ကြံ့ခိုင်ရေးပါတီတွေက စည်းရုံးနေတာ အင်္ကျီတွေလက်ဆောင်ပေးတယ်။ ထမင်းလဲ ကျွေးတယ် ၊ဝန်ထမ်းတွေ အများစုပါ ရဲတွေ ၊စစ်တပ်နဲ့ မီးသတ်တွေက အင်အား ၂၀ လောက်နဲ့ လုံခြုံရေး ယူပေးတာ “
ဒီလို ဟောပြောစည်းရုံးချိန် စစ်အုပ်စုတပ်တွေက ကားနှစ်စီးနဲ့ ရောက်လာပြီးနောက် အင်အား ၃၀ ခန့်နဲ့ လက်နက်ကိုင်ဝန်းရံ ပေးထားတာ ဖြစ်ပါတယ်။ အလားတူ စစ်ကိုင်းမြို့နယ်မှာလဲ ကြံ့ခိုင်ရေးပါတီဝင်တွေက ဆိုင်းဘုတ်ထောင်တာတွေနဲ့ ငလျှင်ဘေးသင့်တဲ့ ပြည်သူတွေကို တွေ့ဆုံပြီး ဆန် ဆီပေး စည်းရုံးနေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းမြို့ပေါ်မှာ လူထုတွေကို တွေ့ဆုံစည်းရုံးနေပေမဲ့ စစ်ကိုင်းအနောက်ခြမ်းက ကျေးရွာတစ်ရွာကိုတော့ အောက်တိုဘာ ၂၉ ရက် ဒီနေ့မနက်မှာ စစ်အုပ်စုက လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ တယ်လို့ စစ်ကိုင်းမြို့ အမှတ် – ၁ တပ်ရင်းမှူး ကိုယက္ခက ပြောပါတယ်။
“စစ်ဘေးရှောင်တွေကို ပိုက်ဆံတွေ ပေးတယ်။ဆန်တစ်အိတ်ပေးတယ်။ဆီငါးပိသာပုံး တစ်ပုံးပေးတယ်လို့ ကြားရတယ်။ လေကြောင်းက ဗုံးကြဲနေတယ် ဒီနေ့ကတော့ “
အလားတူ ကလေးဝနဲ့ ဟုမ္မလင်းမြို့နယ်တွေမှာလည်း ကြံ့ခိုင်ရေးပါတီဝင်တွေက ဆိုင်းဘုတ်ထောင်ကာ ဒေသခံတွေကို ဟောပြောစည်းရုံးတာတွေ ရှိနေပေမဲ့ တက်ရောက်သူ အများစုက Non-CDM ဝန်ထမ်းတွေလို့ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုကတော့ လာမဲ့ ဒီဇင်ဘာ ၁၈ ရက်နဲ့ ဇန်နဝါရီ ၁၁ ရက် နေ့မှာရွေးကောက်ပွဲကို အပိုင်းနှစ်ပိုင်း ခွဲ ကျင်းပသွားမှာဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ တရားဝင် မဲဆွယ်စည်းရုံးခွင့် စတင်ပြီ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုကျင်းပပြုလုပ်မဲ့ ရွေးကောက်ပွဲကိုတော့ စစ်ကိုင်းတိုင်းအတွင်းအပါအဝင် နိုင်ငံတဝန်းက ပြည်သူတွေနဲ့တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းပါဝင်မှာ မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသလို အထွေထွေ သပိတ်ပေါင်းစပ်ညှိနိုင်းရေးအင်အားစု (GSCB ) ကလည်း အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက် ကာလအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းမှာတော့ အာဏာသိမ်းစစ်အုပ်စုက လေရှီး၊လဟယ်၊နန်းယွန်း၊ကလေး၊ကသာ။ကန့်ဘလူ၊ ခန္တီး၊စစ်ကိုင်း၊တမူး၊မုံရွာ၊ရွှေဘို၊ဟုမ္မလင်း စတဲ့ မြို့နယ် ၁၂ မြို့နယ်ကို ရွေးကောက်ပွဲ အပိုင်း ၁ အနေနဲ့ကျင်းပမှာ ဖြစ်သလို ထီးချိုင့် ၊ကောလင်း၊ပင်လယ်ဘူး ၊ခင်ဦး ၊ကနီ ၊ဝက်လက် ၊ဒီပဲယင်း ၊ပုလဲ ၊အင်းတော် မြို့နယ် ကိုးမြို့နယ်ကိုတော့ စစ်အုပ်ချုပ်ရေး အဖြစ် အာဏာသိမ်းစစ်အုပ်စုက ဇူလိုင် ၃၁ ရက်နေ့မှာ ကြေညာထားပါတယ်။
စစ်အုပ်စုကျင်းပ ပြုလုပ်မဲ့ ရွှေးကောက်ပွဲကိုတော့ နိုင်ငံတဝန်းမှာ ပါဝင်ယှဉ်ပြိုင်မဲ့ ပါတီ ၆ ပါတီ၊ တိုင်းနဲ့ပြည်နယ် တခုအတွင်းမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီ ၅၁ ပါတီနဲ့ စုစုပေါင်း ၅၇ ပါတီ ဝင်
ရောက်ယှဉ်ပြိုင်မယ်လို့ စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်(UEC ) က ထုတ်ပြန်ထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



