မတ္တရာနယ် ဆည်တော်ကြီးဘက်ကို စစ်အုပ်စုက နှစ်ဘက်ညှပ် စစ်ကြောင်းထိုး၊
ထင်လင်း/MFP၊ အောက်တိုဘာ – ၃၀
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ဆည်တော်ကြီးနဲ့ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်တွေကို ပြန်ရရေး စစ်အုပ်စုက နောင်ချိုနဲ့ မတ္တရာဘက်ကနေ နှစ်ဘက်ညှပ်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
နောင်ချို-မတ္တရာ အစပ်မှာရှိတဲ့ ဆည်တော်ကြီးဘက်ကို နောင်ချိုဘက်ကနေ စစ်အုပ်စု စစ်ကြောင်းတစ်ကြောင်း ဆင်းလာသလို မတ္တရာဘက်ကနေ ထိုးလာတဲ့ စစ်ကြောင်းတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
“မတ္တရာဘက် အခြေအနေကတော့ နယ်မြေတွေက တံတားဖြူထိ ရောက်ပြီ ပြောတယ်၊ တံတားဖြူဆိုတာ အုတ်ဖိုရွာသစ်နားလေးကလေ၊ ပြီးတော့ ဆည်တော်ကြီး အထက်မှာ ကန်တွင်း ရှိတယ်၊ အဲ့ဒီ ကန်တွင်းရဲ့ အထက်ကလည်း အောက်ကိုဆင်းလာပြီလို့တော့ ပြောတယ်၊ ဒါကတော့ မတ္တရာနယ် မဟုတ်ဘူးပေါ့နော်၊ နောင်ချိုနယ်ပေါ့” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
မတ္တရာဘက်ကနေ ထိုးလာတဲ့စစ်ကြောင်းတွေကလည်း တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ ထိမ်းချုပ်ထားတဲ့ တံငါကျေးရွာ တဝိုက်အထိ ပြန်သိမ်းယူထားပြီး ရှေ့ဆက်ထိုးလာဖို့ ပြင်ဆင်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“တောင်ဘက်ခြမ်းကတော့ တံငါတောင်ဘက်ကို သူတို့ရောက်နေပြီ ပြောတယ်၊ ဒီဘက်ကတော့ မတ္တရာ အရှေ့မြောက်ဘက်က ကျောင်းကုန်း ရောက်တယ်ပေါ့နော်၊ ကျောင်းကုန်းဆိုမှတော့ တံငါတောင်က သူတို့ရပြီပေါ့၊ အဲ့တော့ တံတားကူးလိုက်ရင် မြောက်ဘက်ရောက်ပြီ၊ အဲ့လိုပေါ့နော်၊ အခြေအနေကတော့ နားစွင့်နေရတဲ့ အခြေအနေ ဖြစ်သွားပြီ”လို့ ၎င်းက ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလမှာ တော်လှန်ရေးတပ်တွေဟာ မတ္တရာမြို့နယ်အတွင်းက စစ်အုပ်စုရဲ့ စစ်ရေးအရအရေးပါတဲ့ တပ်စခန်း ၄၀ ခန့် အပါအဝင် မတ္တရာနယ်ရဲ့ အရှေ့၊အရှေ့မြောက်နဲ့ မြောက်ဘက် ဒေသတွေကို သိမ်းယူကာ မြို့ကို ဝိုင်းပတ်ပိတ်ဆို့နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်အုပ်စုက လေကြောင်းအားကိုး၊ တရုတ်အားကိုးနဲ့ မတ္တရာနယ်က စစ်ရှုံးထားတဲ့ မြို့ရွာတွေကို ဒရုန်းနဲ့ လေကြောင်းအသုံးပြုကာ ပြန်လည် ထိုးစစ်ဆင် သိမ်းယူနေတာလို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ သိမ်းပိုက်ထိမ်းချုပ်နိုင်ထားတဲ့ မတ္တရာနယ် အရှေ့ခြမ်းမှာ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းနဲ့ ဆည်တော်ကြီး တပ်စခန်း၊ ဖယောင်းတောင် သတ္တုတွင်း (ရွှေလုပ်ကွက်) နဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စတာတွေ ပါဝင်ပါတယ်။
ယခုနှစ် နှစ်လည်ပိုင်းမှာတော့ စစ်အုပ်စုရဲ့ ထိုးစစ်တွေ ပြန်လည်စတင်လာပြီးတဲ့နောက် ဇူလိုင်လအတွင်း အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင် ရွှေလုပ်ကွက်တွေ အပါအဝင် ကျေးရွာ အတော်များများကနေ တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွါခဲ့ရပါတယ်။
လတ်တလောမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်နေသလို လက်နက်ကြီးတွေ၊ အသေခံဒရုန်းတွေနဲ့ပါ တိုက်ခိုက်နေတာကြောင့် ကျေးရွာအများအပြား ထွက်ပြေး တိမ်းရှောင်နေကြရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီဆင်နွှဲတဲ့ ရှမ်း-မန်း စစ်ဆင်ရေးတွေအတွင်း ရှမ်းမြောက်ဒေသသာမက မန္တလေးနဲ့ ထိစပ်နေတဲ့ မတ္တရာနဲ့ စဉ့်ကုးနယ်က စစ်စခန်းအများအပြား စစ်အုပ်စု စစ်ရှုံးကာ လက်လွှတ်ခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လတွေအတွင်း စစ်အုပ်စုက တရုတ်အကူအညီနဲ့ လားရှိုးမြို့ကို ပြန်လည် ရရှိသလို ငလျင်ကြောင့် တော်လှန်ရေးတပ်တွေက အပစ်အခတ် ရပ်စဲတာကို အခွင့်ကောင်းယူပြီး စစ်အုပ်စုက တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ ပြန်လည် ထိုးစစ်ဆင်ကာ စစ်ရှုံးနယ်မြေတွေ ပြန်လည် သိမ်းယူနေတာ ဖြစ်ပါတယ်။
ရှမ်း-မန်း စစ်ဆင်ရေးအတွင်း မတ္တရာနယ် ဆည်တော်ကြီးနဲ့ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေး စစ်စခန်းတွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့စဉ်/Photo – MDY-PDF



