စစ်ကိုင်းသတင်း

ကသာမှာ ညပိုင်း လူအိပ်ချိန် စစ်အုပ်စုက ရွာပေါ် ဗုံးပတ်ကြဲလို့ ကလေးသူငယ်နဲ့ အဖိုးအဖွားတွေ အပါအဝင် ငါးဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရ၊

ဘုန်းကြီးကျောင်းနဲ့ နေအိမ်အများအပြား ပျက်စီး၊

ဒေါ်လာ/MFP၊ အောက်တိုဘာ – ၃၀

စစ်ကိုင်းတိုင်း ကသာမြို့နယ် ညောင်ခြေထောက်ရွာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို မနေ့က ညပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ သုံးကြိမ်အထိ ဗုံးကြဲသတ်ဖြတ်လို့ ကလေးသူငယ်နဲ့ အဖိုးအဖွားတွေ အပါအဝင် ငါးဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရပြီး ကျောင်းဆောင်နဲ့ အိုးအိမ်အဆောက်အအုံ အများအပြား ပျက်စီးတယ်လို့ သတင်းရရှိပါတယ်။

အောက်တိုဘာ ၂၉ရက် ည ၁၀နာရီခွဲကနေ ၁၁နာရီအတွင်း ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ သုံးကြိမ်အထိ လာရောက် ဗုံးကြဲခဲ့တာလို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က သတင်း ထုတ်ပြန်ပါတယ်။

“ဗုံးကြဲခံရမှုကြောင့် ကျေးရွာနေ အသက် ၆၀ နှစ်အထက် ကျား (အဖိုး) တစ်ဦး၊ မ (အဖွား) တစ်ဦး၊ အသက် ၄၀နှစ်အထက် မ နှစ်ဦး၊ ၁၀နှစ်အရွယ် ကျား(ကလေး) တစ်ဦး၊ စုစုပေါင်း ငါးဦး သေဆုံးခဲ့ပြီး အသက် ၉၀ ကျော် မ (အဖွား) တစ်ဦး စိုးရိမ် ဒဏ်ရာ ရရှိကာ ခုနှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိထားပါသည်” လို့ ကသာမြို့နယ် ပအဖ က ဖော်ပြပါတယ်။

ပြည်သူတွေ ညဘက် အိပ်နေချိန် စစ်အုပ်စုက ဗုံးကြဲသတ်တာဖြစ်ပြီး ကျောင်းဆောင်၊ ဓမ္မာရုံနဲ့ နေအိမ်အများအပြားလည်း ပျက်စီးတယ်လို့လည်း ဆိုပါတယ်။

“သုံးကြိမ်တိတိ ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းဝန်း အတွင်း၊ အပြင်နှင့် နောက်ဆုံးအကြိမ် ပစ်ခတ်မှုကြောင့် ကျေးရွာနေအိမ် ၁၄ လုံးအပြင် ဘုန်းကြီးကျောင်းဝန်း အတွင်းရှိ ဓမ္မာရုံနှင့် ဂရုဏာ ပရဟိတ ကားလည်း ပျက်စီးခဲ့ရကာ ညအချိန် ပြည်သူများနေထိုင်သည့် ကျေးရွာအား အကြောင်းမဲ့ ဗုံးကြဲခံရမှုကြောင့် မသေသင့်ဘဲ ပြည်သူ့ အသက် အိုးအိမ်များ ဆုံးရှုံးခဲ့ရပါသည်” လို့ ကသာမြို့နယ် ပအဖ က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ နိုင်ငံတဝန်း လေကြောင်းဗုံးကြဲ သတ်ဖြတ်တာတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပြီး ကျေးရွာ၊ လူနေရပ်ကွက်၊ ဆေးရုံဆေးခန်း၊ စာသင်ကျောင်းနဲ့ သာသနိကအဆောက်အအုံတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲနေတာ ဖြစ်ပါတယ်။

Related Articles

Back to top button