ထင်လင်း/MFP၊ အောက်တိုဘာ – ၃၀
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တံငါရွာခေါ် ကျောက်စရစ်ကျေးရွာဘက် မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စု စစ်ကြောင်း ရောက်လာချိန် အဆိုပါရွာအနီးရှိ ကျောက်စရစ်ကုန်း ချောင်းကူးတံတား (တံငါတံတား) ဖျက်ဆီးခံရတယ်လို့ သတင်းရရှိပါတယ်။
စစ်အုပ်စုဟာ မတ္တရာကတဆင့် မန္တလေး- မတ္တရာ – စဉ့်ကူး – သပိတ်ကျင်း – မိုးကုတ် – ဗန်းမော် ကားလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာပြီး အောက်တိုဘာ ၂၉ရက်မှာ တံငါ(တောင်)ကျေးရွာ အနီးထိ ရောက်ရှိလာတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
တံငါတံတား အပါအဝင် တံငါရွာနဲ့ ရေနံ့သာရွာ စတဲ့ မတ္တရာ – စဉ့်ကူး လမ်းပိုင်းပေါ်က ကျေးရွာကြီးတွေကို ၂၀၂၄ နှစ်လယ်ပိုင်းက စလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး စစ်ရှုံးကာ မတ္တရာမြို့ထဲ ပိတ်ဆို့ခံထားရတဲ့ စစ်အုပ်စုဟာ လက်ရှိမှာတော့ တရုတ်နဲ့ ရှရှားက ထောက်ပံ့တဲ့ ဒရုန်းနည်းပညာနဲ့ လေကြောင်းအားပြုကာ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ပြန်လည် စစ်ကြောင်းထိုးနေပြီး မတ္တရာနယ်မှာလည်း တံငါရွာဘက်အထိ စစ်ကြောင်း ရောက်လာနိုင်ကာ မတ္တရာအရှေ့ခြမ်းက ဆည်တော်ကြီးကိုလည်း စစ်ကြောင်းတစ်ကြောင်း ဦးတည်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ခွေးက တောင်တံငါ Danco ဆီဆိုင်နား ရောက်နေပြီ၊ ခုဟာက ဒီကောင်တွေ ဆည်တော်ကနေ အရှေ့ ဝိုက်တက်နေတာ၊ ဒီကောင်တွေက ဆည်တော်ကို တောင်ကနေ မလုံးဘဲနဲ့ အရှေ့မှာ ဝိုက်တက်ပြီး ဆည်တော်ကို၊ အဓိက သူတို့ရဲ့ ဦးတည်ချက်က ဆည်တော်ပဲ”
မတ္တရာ- စဉ့်ကူး လမ်းပိုင်းပေါ်က ကျောက်စရစ်ကုန်း သံကူကွန်ကရစ်တံတား (တံငါတံတား) ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး TNLA/PDF အဖွဲ့က လုပ်တာလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
တံငါတံတားဟာ အရှည် ပေ ၃၆၀ နဲ့ အကျယ် ပေ ၃၀ ရှိတဲ့ တံတားဖြစ်ပြီး မိုင်းခွဲခံရလို့ ၆၅ ပေလောက် ကျိုးကျပျက်စီးတယ်လို့ ဆိုပါတယ်။
ယမန်နေ့ အောက်တိုဘာ ၂၉ရက်ကလည်း စစ်ကိုင်းတိုင်း ရွှေဘိုနယ်၊ ကျောက်မြောင်းမြို့ မန္တလေးတိုင်း စဉ့်ကူးမြို့ကို ဆက်သွယ်ထားတဲ့ ရွှေဘို – ကျောက်မြောင်း – မိုးကုတ် ကားလမ်းပေါ်က ဧရာဝတီ မြစ်ကူး တံတားကြီး တစ်စင်းဖြစ်တဲ့ ရတနာသိင်္ခတံတား ဖျက်ဆီးခံခဲ့ရပါသေးတယ်။ အဲ့ဒီ တံတားကိုလည်း TNLA/PDF တွေက ဖျက်တာလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။ အဲ့ဒီ တံတားနှစ်ခု ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ဘယ်သူက ဘာကြောင့် ဖျက်ဆီးတယ်ဆိုတာကိုတော့ MFP အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
တံငါ တံတား အပါအဝင် မန္တလေး – မတ္တရာ – မိုးကုတ် ကားလမ်းတလျှောက် ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို စစ်အုပ်စုက ရန်ပြုဖမ်းဆီးသတ်ဖြတ်၊ ငွေညှစ်နေလို့ ပြည်သူတွေ အဲ့ဒီလမ်းကို အသုံးပြုခွင့်မရတာ နှစ်ပေါက်နေပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မတ္တရာနယ်ထဲက MDY-PDF နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ ထိန်းသိမ်းခဲ့တဲ့ နယ်မြေတွေကို ဒီနှစ် ဇူလိုင်လက စပြီး စစ်အုပ်စုက ထိုးစစ်ပြန်ဆင်လာတာ ဖြစ်ပါတယ်။
အဲ့ဒီလို ထိုးစစ်ဆင်ရာမှာ ဒရုန်းနဲ့လက်နက်ကြီး၊ လေယာဉ်အားကိုးနဲ့ တိုးလာတာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
လတ်တလောမှာတော့ ညပိုင်းမှာ မြေပြင်စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။
“ငြိမ်ပြီး ညဘက် တိုးနေတယ်ပြောတယ်”လို့ မတ္တရာ ဒေသခံတစ်ဦးက ပြောပါတယ်။
လတ်တလောမှာတော့ စစ်အုပ်စုဟာ တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ သိမ်းယူထိန်းချုပ်ထားခဲ့တဲ့ အထဲက မန္တလေး၊ မတ္တရာနဲ့ ပုသိမ်ကြီး သုံးမြို့နယ်အစပ်ရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင်သတ္ထုတွင်းနဲ့ ကျောက်တံတားကျေးရွာ စတဲ့ စစ်ရေးအရ အရေးပါတဲ့ ဒေသတချို့ကို ပြန်လည်သိမ်းယူထားပါတယ်။
မန္တလေး – မတ္တရာ – စဉ့်ကူး – မိုးကုတ် ကားလမ်းပေါ်က ဖျက်ဆီးခံရတဲ့ ကျောက်စရစ်ကုန်းတံတား (တံငါတံတား)/Photo – စစ်အုပ်စု



