မန္တလေးသတင်း

မိုးကုတ်မြို့ TNLA အုပ်ချုပ်မှုအောက်မှာဆက်ရှိနေ

နွေဦး/MFP ၊ နိုဝင်ဘာ – ၁

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကနေ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တပ်တွေ ပြန်ဆုတ်ထားပေမဲ့ အုပ်ချုပ်ရေးမှာ ဆက်ဦးဆောင်နေသေးတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက MFP ကို ပြောပါတယ်။

အပစ်ရပ်သဘောတူညီချက်နဲ့ စစ်အုပ်စုထံကို မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလိုအပစ်ရပ် သဘောတူချက်ကြောင့် TNLA တပ်တချို့ မိုးကုတ်မြို့ပြင်ပကို ဆုတ်ခွာထားပေမဲ့လည်း အုပ်ချုပ်ရေးမှာ ဆက်ဦးဆောင်နေတယ်လို့ မိုးကုတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“TNLA တပ်တွေက မြို့ပြင်ဆုတ်ထားပြီလို့ ပြောလို့မရသေးပါဘူးဗျ။ လောလောဆယ် TNLA တပ်တွေက ုအို့ထဲမှာရှိနေတုန်းပါပဲ။ လောလောဆယ်

အုပ်ချုပ်ရေးကိုလည်း TNLA က လောလောဆယ် ဆက်လည်ပတ်နေပါတယ်။ ကျွန်တော်တို့ ဦးဆောင်နေတာ မရှိပါဘူး”

လတ်တလောမှာတော့ TNLA ရဲ့တပ်မိသားစုဝင်တွေ မိုးကုတ်ကနေ ရွှေ့ပြောင်းနေကြပေမဲ့ ဒေသခံတွေကတော​ြ အလုံးအရင်းလိုက် ရွှေ့ပြောင်းတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် TNLA တပ်တွေအနေနဲ့ မိုးကုတ်မြို့ကနေ ဘယ်လိုဆုတ်ခွာမယ်။ ဘယ်အချိန်မှာ ဆုတ်ခွာမယ်ဆိုတာမျိုးလည်း အတိအကျမသိရသေးသလို TNLA ဘက်ကလည်း တော်လှန်ရေးအင်အားစုတွေကို အသိပေးအကြောင်းကြားတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့ကတော့ TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက စစ်အုပ်စုရဲ့ လေကြောင်းဖိအားနဲ့တရုတ်ဖိအားကြောင့် လူထု အထိခိုက်အနည်းဆုံးဖြစ်တဲ့ အပစ်ရပ်ဖို့ကိုရွေးချယ်ကာ မြို့နှစ်မြို့ကို ပြန်ပေးလိုက်ရတယ်လို့ အတည်ပြုပြောဆိုထားပါတယ်။

ပြန်ပေးလိုက်ရတဲ့ မြို့တွေအထဲက မိုးကုတ်မြို့ဟာ စစ်ရေးနဲ့စီးပွားရေးအရ အချက်အချာကျတဲ့ မြို့ဖြစ်ပြီး စစ်အုပ်စုက ဘယ်လိုပုံစံနဲ့ဝင်လဲမလည်းဆိုတဲ့ အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မပြောသွားပါဘူး။

TNLA လက်လွှတ်ခဲ့တဲ့ မိုးကုတ်မြို့ကို MDY-PDFနဲ့ မိုးကုတ် ပကဖအဖွဲ့က ဆက်လက် ကာကွယ်သွားမှာဖြစ်ပြီး တော်လှန်ရေးအတွက် တပ်သားအသစ်တွေလည်း ဖိတ်ခေါ်နေကြပါတယ်။

ဒါ့အပြင် စစ်အုပ်စုဘက်ကလည်း မိုးမိတ်နဲ့မိုးကုတ်မြို့တို့ကို အရေးပေါ်အခြေအနေဆက်ကြေညာခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်နဲ့တာဝန်တွေအတိုင်း ဆက်ဆောင်ရွက်မယ်လို့ အောက်တိုဘာလ ၃၁ ရက်က ထုတ်ပြန်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button