မကွေးသတင်း

နတ်ရေကန်တိုက်ပွဲ နှစ်လတာအတွင်း ပစ တွေ အပါအဝင် စစ်အုပ်စု ၂၆ ယောက် ဖမ်းမိ၊

တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးကာ ကိုးဦး ဒဏ်ရာရ၊

ဒေါ်လာ/MFP၊ နိုဝင်ဘာ – ၂

မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး စခန်းသိမ်း တိုက်ပွဲတွေမှာ စက်တင်ဘာနဲ့ အောက်တိုဘာ နှစ်လတာအတွင်း စစ်အုပ်စုက ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းကာ အသေခံတပ်သားအဖြစ် ပို့လွှတ်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်း (ပစ) စစ်သားသစ်တွေ အပါအဝင် ၂၆ ယောက် ဖမ်းမိကာ လက်နက်တချို့ သိမ်းဆည်း ရရှိတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) က သတင်း ထုတ်ပြန်ပါတယ်။

ရခိုင်နဲ့ မကွေးအစပ်၊ အမ်း -ပဒါန်း လမ်းပေါ်ရှိ စစ်အုပ်စုရဲ့ နတ်ရေကန် စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ အာရက္ခတပ်တော် – AA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်း တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စက်တင်ဘာနဲ့ အောက်တိုဘာအတွင်း နတ်ရေကန်ဘက် စစ်ကူလာတဲ့ စစ်အုပ်စုကို မဟာမိတ်တွေနဲ့အတူ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ CDF – Asho က ဆိုပါတယ်။

အဲ့ဒီ နှစ်လတာအတွင်း ပစ ၂၆ ယောက် ဖမ်းမိကာ နတ်ရေကန် လမ်းဟောင်းတလျှောက် နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ရာမှာလည်း သေနတ် လေးလက်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်း ရရှိတယ်လို့ CDF – Asho က ထုတ်ပြန်ပါတယ်။

“အကြမ်းဖက်စစ်ကော်မရှင်တပ်သည် နတ်ရေကန်ဗျူဟာကုန်း မကျရှုံးစေရေးအတွက် လေကြောင်းပစ်ကူ၊ စစ်ကူများ အဆက်မပြတ် ပေးနေမှုများကို အခြားတော်လှန်ရေး မဟာမိတ်တပ်များနှင့် ပူးပေါင်း စစ်ဆင်တိုက်ပွဲများ၌ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှ အောက်တိုဘာ လကုန်အထိ နှစ်လတာအတွင်း ကျွနုပ်တို့ CDF – Asho မှ တပ်ဖွဲ့ဝင်နှစ်ဦး အသက်ပေးလှူရပြီး ခြေလက်အင်္ဂါဆုံးရှုံးသူ နှစ်ဦး၊ အခြား ထိခိုက်ဒဏ်ရာရရှိ တပ်ဖွဲ့ဝင် ခုနှစ်ဦး ရှိခဲ့သည်” လို့ CDF – Asho က ဖော်ပြပါတယ်။

နတ်ရေကန် ဗျူဟာကုန်းကို အပြီးသတ် သိမ်းပိုက်ဖို့ လက်ကျန်နေရာတချိဲ့သာ ကျန်ရှိတော့ပြီး အမြစ်ပြတ် သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ AA ကလည်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ရက်ကလည်း နတ်ရေကန် ဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲကနေ အလံဖြူထောင်၊ လက်နက်ချ အလင်းဝင်တဲ့ စစ်အုပ်စု လက်နက်ကိုင် တစ်ဒါဇင်ခန့် ရှိခဲ့ပြီး လက်နက်ချ အလင်းဝင်သူတွေနဲ့ စစ်သုံ့ပန်းတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ပေးထားတယ်လို့ AA က ဆိုပါတယ်။

၂၀၂၄ ဒီဇင်ဘာမှာ ရခိုင်ပြည် အမ်းမြို့အခြေစိုက် စစ်အုပ်စုရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် – နပခ ကို AA က သိမ်းယူပြီးနောက် ရခိုင်နဲ့ မကွေးအစပ်က နတ်ရေကန်ဗျူဟာကုန်းကို ရဖို့ ဆက်လက် ထိုးစစ်ဆင်နေတာ ဖြစ်ပြီး ယနေ့အချိန်ထိ လပေါင်းများစွာကြာ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

ငဖဲမြို့နယ်၊ နတ်ရေကန် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကူလာတဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာက သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတချို့/Photo – CDF – Asho

Related Articles

Back to top button