စစ်ကိုင်းသတင်း

တရုတ်ကြေးနီစက်ရုံတွေ တစ်ပါတ်အတွင်း တတိယအကြိမ် လက်နက်ကြီး ထုခံရကာ လုပ်ငန်းတွေ ဆက်လက် ရပ်ဆိုင်း၊

စစ်အုပ်စုက တရုတ်စီမံကိန်းအနီး စစ်ကြောင်းထိုး၊ လူသတ်နေလို့ ပြည်သူတွေ ထွက်ပြေးရတာ ၁၀ ရက် ကျော်ကြာ ရှိလာ၊

ဘဦး/MFP၊ နိုဝင်ဘာ – ၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တဖက်ကမ်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်အတွင်းရှိ တရုတ်ပိုင် မြန်မာဝမ်ဘောင်နဲ့ မြန်မာယန်စီ ကြေးနီစက်ရုံတွေ အောက်တိုဘာ ၃၁ရက် ညပိုင်းက လက်နက်ကြီးနဲ့ ထပ်မံ ပစ်ခတ်ခံရပြီး စက်ရုံနှစ်ခုလုံး လုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

တရုတ်ကြေးနီစက်ရုံထဲနေ စစ်အုပ်စုက အောက်တိုဘာ ၁၈ရက်ကစလို့ ဒေသတွင်း ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ ပြည်သူကို ရန်ပြုနေချိန် တရုတ်ကြေးနီစက်ရုံတွေ လက်တုန့်ပြန် တိုက်ခိုက်ခံရတာ ဖြစ်ပြီး အောက်တိုဘာ ၂၃ရက်၊ ၂၅ရက်နဲ့ ၃၁ရက်တွေမှာ တရုတ်စက်ရုံတွေထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

အောက်တိုဘာ ၃၁ရက် ည၉နာရီခွဲကျော်အချိန်မှာ စစ်အုပ်စု ဂိတ်စောင့် လုံခြုံရေးယူထားတဲ့ ဝမ်ဘောင်နဲ့ ယန်စီ တရုတ်ကြေးနီစက်ရုံတွေ တချိန်တည်း၊ တပြိုင်တည်း တိုက်ခိုက်ခံရတာ ဖြစ်ပြီး ပေါက်ကွဲသံ လေး၊ ငါးချက်လောက် ကြားရတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“အသံကြားရတာတော့ ဝမ်ဘောင်ထဲက တစ်ကြိမ်နဲ့ ယန်စီဖက်က လေးကြိမ်လောက်တော့ ကြားရတယ်။ ယန်စီကတော့ ဥသြသံ ဆူညံလို့ ကြားရတယ်၊ ဝမ်ဘောင်ကတော့ လုပ်ငန်းခွင် နားထားတာဆိုတော့ မကြားရဘူး။ ယန်စီကတော့ လက်နက်ကြီး ပစ်ခံရကတည်းက လုပ်ငန်းလည်း ခုချိန်ထိ ရပ်ထားတယ်”

လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ယန်စီကုမ္မဏီ ကြေးပြားထုတ် စက်ရုံဝန်းအတွင်း ကျရောက်ကာ အဆောက်အအုံ နှစ်လုံး ပျက်စီးတယ်လို့ ကြားသိရပြီး ဝမ်ဘောင်ကုမ္မဏီအတွင်း ထိခိုက် ပျက်စီးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းစက ဝန်ထမ်းအများအပြား CDM ပြုလုပ်တာကြောင့် တရုတ်ကြေးနီတူးဖော်တဲ့ လုပ်ငန်းတဲ့ မလည်ပတ်နိုင်ဘဲ သုံးနှစ်ခန့်ကြာ ရပ်နားခဲ့ရပြီး ၂၀၂၄ မှာ တရုတ်နဲ့ စစ်အုပ်စု ပေါင်းကာ ဒေသခံတွေကို ခြိမ်းခြောက်အကြပ်ကိုင် မက်လုံးပေး၊ ပျူစောထီးမိသားစုတွေကို ခေါ်သွင်းကာ ကြေးနီတူးဖော်တဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်က တောင်ဖြိုကာ ကြေးနီတူးတဲ့ လုပ်ငန်းတွေကို အရှိမြှင့် လုပ်နေပြီး ကြေးနီစက်ရုံတွေ ၂၄နာရီအချိန်ပြည့် လည်ပတ်ကာ တစ်နေ့ကို ကြေးနီ တန်ချိန် ၄၅၀ လောက် ထုတ်လုပ်နေတာလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၁၈ရက်က စလို့ စစ်အုပ်စုက တရုတ်ကြေးနီစီမံကိန်းတွေအနီး အင်အား အများအပြားနဲ့ အဖွဲ့တွေခွဲကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးလို့  ယင်းမာပင်နဲ့ ဆားလင်းကြီးနယ် ကျေးရွာ ၂၀ က သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပါတယ်။

စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားချိန် စစ်အုပ်စုက ဒေသခံတချို့ကို ဖမ်းဆီးသတ်ဖြတ်တာ၊ လေကြောင်းဗုံးကြဲ သတ်ဖြတ်တာတွေကြောင့် အောက်တိုဘာ ၁၈ရက်နောက်ပိုင်း ဒေသခံ ငါးဦးထက်မနည်း သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်တဖက်ကမ်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်ထဲက စံပယ်တောင်၊ ကြေးစင်တောင်နဲ့ လက်ပံတောင်းတောင်တွေကို ဖြိုကာ တရုတ်က ကြေးနီတူးနေပြီး အဲ့ဒီ တရုတ်ပိုင် မြန်မာဝမ်ဘောင်နဲ့ မြန်မာယန်စီ ကြေးနီစက်ရုံတွေကို စစ်အုပ်စုက ဂိတ်စောင့် လုံခြုံရေးယူပေးကာ တူးဖော်ထွက်ရှိလာတဲ့ ကြေးနီတွေကိုလည်း စစ်သင်္ဘောတွေ အသုံးပြုပြီး မြစ်ကြောင်းကတဆင့် သယ်ထုတ်ပေးနေတာ ဖြစ်ပါတယ်။

ဆားလင်းကြီးနယ်ထဲ ကြေးနီတူးနေတဲ့ တရုတ်ကြေးနီစက်ရုံတွေနဲ့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံ ပြည်သူတွေ/Photo – CJ၊ တရုတ်ကြေးနီစက်ရုံ

Related Articles

Back to top button