
ဘဦး/MFP၊ နိုဝင်ဘာ – ၂
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့မှာ မြို့နယ် ထွေအုပ်ရုံးထဲ အထိုင်ချ တပ်စွဲထားတဲ့ စစ်အုပ်စုက အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်လို့ ငလုံးတင်ကျေးရွာထဲ ကျရောက် ပေါက်ကွဲပြီး ပြည်သူ အမျိုးသမီး နှစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းအရင်းမြစ်က MFP ကို ပြောပါတယ်။

နိုဝင်ဘာ ၂ရက် ဒီကနေ့ မနက် ၉နာရီအချိန် ချောင်းဦးမြို့ပေါ်နေ စစ်အုပ်စုက ၁၂၀ မမ လက်နက်ကြီး လေးလုံး ထက်မနည်း ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ငလုံးတင်ရွာထဲ ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးကြောင့် ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရကာ အိုးအိမ်တွေလည်း ပျက်စီးတယ်လို့ ဆိုပါတယ်။
“ရွာရဲ့ အနောက်ပိုင်းကို ကျတာ၊ သေတဲ့သူတွေကတော့ အလောင်းမပီဘူး။ နေအိမ် သုံးလုံးလည်း ပျက်စီးသွားတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက MFP ကိုပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးနဲ့ အသက် ၂၀ အရွယ် အမျိုးသမီးငယ် တစ်ဦးတို့ ဖြစ်ပြီး ဒဏ်ရာရသူဟာလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ထုသတ်ချိန်ဟာ ဒေသခံပြည်သူတွေ လယ်ယာလုပ်ငန်း လုပ်ကိုင်ချိန် ဖြစ်လို့ ရွာထဲ လူသူနည်းပါးတာကြောင့် သက်သာရာရခဲ့ပြီး ခု ထိမှန်သေဆုံးတဲ့ ပြည်သူတွေကတော့ လက်နက်ကြီးသံကြားလို့ ဗုံးခိုကျင်းရှိရာဆီ ပြေးကြပေမယ့် ကျင်းထဲထိ မရောက်လိုက်ဘဲ လမ်းမှာတင်ပဲ လက်နက်ကြီးထိမှန်တာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ရက်ကလည်း ငလုံးတင်ကျေးရွာကို စစ်အုပ်စုက လက်နက်ကြီးနဲ့ ထုသတ်လို့ ဒေသခံပြည်သူ နှစ်ဦး သေဆုံးကာ နေအိမ် ၁၁ လုံး ပျက်စီးခဲ့ပါသေးတယ်။
ချောင်းဦးမြို့ပေါ်နေ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ ပြည်သူကို ရန်ပြုနေပြီး လူသတ်တာ၊ ပေါ်တာဆွဲတာ၊ ဒေသတွင်း ရွာစဉ်ပတ်မွှေ စီးနင်းလုယက်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ချောင်းဦးနယ်ထဲ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ဦးဆောင် ကျူးလွန်နေတဲ့ မင်းအောင်လှိုင် သစ္စာခံ ဝန်ထမ်းနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ချောင်းဦးနယ် ကျေးရွာတွေကို စစ်အုပ်စုက လက်နက်ကြီး ပစ်ခတ်ခဲ့စဉ်/Photo – Chaung U Revolution ၊ စစ်အုပ်စု



