လေးနှစ်အတွင်း ရွေးကောက်ပွဲနဲ့စစ်အုပ်စုကို ဆန့်ကျင်ဝေဖန်ရေးသားသူ ၂၀၀၀ ခန့် ဖမ်းဆီးခံထားရကြောင်း Data for Myanmar ထုတ်ပြန်
MN/MFP ၊ နိုဝင်ဘာ – ၃
စစ်အုပ်စုဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲကိစ္စအပါဝင် စစ်အုပ်စုကို ဆန့်ကျင်ဝေဖန်တဲ့ အကြောင်းအရာတွေ ရေးသားခဲ့တာကြောင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ အခုနှစ် အောက်တိုဘာလထိ လေးနှစ်အတွင်းမှာ ဖမ်းဆီးခံရသူ ၂၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ Data for Myanmar က အောက်တိုဘာလ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ လူမှုကွန်ရက်တွေပေါ်မှာ စစ်အုပ်စုကို ဆန့်ကျင်ဝေဖန်ရေးသားပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ Data for Myanmar က ဆိုထားပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ အခုနှစ် ၂၀၂၅ ခုနှစ် အောက်တိုဘာလထိ လူမှုကွန်ရက် စာမျက်နှာတွေမှာ စစ်အုပ်စုကို ဆန့်ကျင်ဝေဖန်ရေးသားခဲ့တာကြောင့် နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရသူ ၁၉၉၃ ဦးထိရှိတဲ့အထဲက ရန်ကုန်တိုင်းက ၄၉၉ ဦး၊ မန္တလေးတိုင်းက ၄၅၈ ဦး၊ ပဲခူးတိုင်းက ၂၅၈ ဦး၊ ဧရာဝတီတိုင်းက ၁၂၅ ဦး၊ မကွေးတိုင်းက ၁၂၂ ဦးနဲ့ ရှမ်းပြည်နယ်က ၁၁၁ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုက လာမဲ့ဒီဇင်ဘာလမှာ ပြုလုပ်သွားဖို့ရှိနေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူမှုကွန်ရက်တွေပေါ်မှာ ဆန့်ကျင်တဲ့ ဝေဖန်ရေးသားမှုတွေကြောင့် မကြာသေးခင်က စစ်အုပ်စုပြဌာန်းထားတဲ့ ရွေးကောက်ပွဲအကာကွယ်ပေးရေးဥပဒေနဲ့ ဖမ်းဆီးခံရသူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလထိ ၂၅ ဦးထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျပ်အတည်းဆိုက်နေတဲ့ စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲကို ခုတုံးလုပ်အမြတ်ထုတ်ကာ တရားဝင်ရရေးကြိုးပမ်းနေတာကြောင့် ဒီရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူလူထုတစ်ရပ်လုံးက သပိတ်မှောက်ထားခဲ့တာ ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



