အီသာရမ်/MFP ၊ နိုဝင်ဘာ – ၄
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်အုပ်စုစစ်ကြောင်းတွေ တကျော့ပြန် ရောက်ရှိနေတာကြောင့် ကျေးရွာ ၁၆ ရွာခန့်က ဒေသခံပြည်သူ နှစ်သောင်းနီးပါးဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့က ဆိပ်ဖြူမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄) ကနေ ခန့်မှန်းအင်အား ၄၀၀ ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းက ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးပြီးနောက် ပင်တောင်ပျူစောထီးရွာကို ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။
ပင်တောင် ပျုစောထီးစခန်းကို စစ်ကြောင်းဝင်ရောက်သွားတာကြောင့် အဲဒီကျေးရွာအနီးက ဒေသခံကျေးရွာတွေ ကျေးရွာတွေကို စွန့်ခွာ စစ်ဘေးရှောင်နေကြရတာဖြစ်တယ်လို့ Young Revolution Force ရဲ့ ကိုလွင်မိုးသန့်က ပြောပါတယ်။
“၁၆ရွာလောက်ရှိမယ်။ ပင်တောင်ပြည်သူ့စစ်ရွာကို ရောက်ပြီးမှ ယခုလက်ရှိရှောင်နေကြရတဲ့ ရွာတွေပါဗျ၊စစ်ကြောင်းတလျှောက်ဝင်လာတုန်းက တော့ ေရှာင်ရတဲ့ရွာတေတော့ရှိတာပေါ့၊စစ်ကြောင်းထိုးလို့ လွတ်ရာရှောင်ကြရတာဖြစ်တဲ့အတွက် နေရေးထိုင်ရေးစားရေးသောက်ရေးတော့ အဆင်မပြေကြတာတွေလဲ တွေ့ရတာပေါ့ဗျာ”
စစ်အုပ်စုစစ်ကြောင်းက ပင်တောင်ပျူစောထီးစခန်းကနေ ပေါက်မြို့ကို ဦးတည်လာတာကြောင့် ဒေသခံကျေးရွာတွေဖြစ်တဲ့ သီးချောက်ကျေးရွာ၊သရဖီကျေးရွာ၊သပြေအေးကျေးရွာ၊ရွာသာအေးကျေးရွာနဲ့ အလယ်လမ်းကျေးရွာစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ သောင်းနဲ့ချီဟာ မိုးရွာထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
စစ်အုပ်စုစစ်ကြောင်းက အောက်တိုဘာလ ၃၁ ရက်နေ့မှာ ချက်ကန်ရွာစာသင်ကျောင်းကနေတဆင့် ပျူစောထီးစခန်းတွေဖြစ်တဲ့ ပင်တောင်ပျူစောထီးစခန်းနဲ့ ဒီဒုတ်ကွင်းပျူစောထီးစခန်း တို့ကို စစ်ကြောင်းနှစ်ကြောင်း ခွဲထိုးသွားတာဖြစ်ပါတယ်။
အဲဒီစစ်အုပ်စုစစ်ကြောင်းက စစ်အုပ်စုသုံ့ပန်းသုံးဦးကို လက်နက်နဲ့တကွ Young Revolution Force နဲ့ ပခုက္ကူခရိုင်တပ်ရင်း ၁၂ တို့ ပူးပေါင်းကာ အရှင်ဖမ်းမိထားတာလည်းရှိပြီး မိုင်းမိပြီး သေဆုံးထားတဲ့ စစ်အုပ်စုအလောင်းနှစ်လောင်းနဲ့ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိထားပါတယ်။
စစ်အုပ်စုက ပေါက်မြို့နယ် ပခုက္ကူမြို့နဲ့ မြိုင်နယ်တောင်ပိုင်းက ပျူစောထီးစခန်းတွေကနေတဆင့် ကျေးရွာတွေကို ဦးတည်စစ်ကြောင်းထိုးဖို့အင်အားဖြည့်နေတာတွေ ဆက်တိုက်ပြုလုပ်နေပြီး မြိုင်မြို့နယ် တောင်ပိုင်းမှာလည်း စစ်ဘေးရှောင်ဖို့ ပြည်သူတွေ ပြင်ဆင်နေကြရတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ- လူသားချင်းစာနာထောက်ထားရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန-ပေါက်မြို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



