မကွေးသတင်း

ပခုက္ကူခရိုင်မှာ စစ်အုပ်စုက တပ်မနှစ်ခု နည်းဗျူဟာစစ်ကြောင်းနှစ်ကြောင်း ခန့်မှန်းအင်အား တစ်ထောင်ခန့်နဲ့ စစ်ကြောင်းထိုးနေ

အီသာရမ်/MFP ၊ နိုဝင်ဘာ – ၆

မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းက ပေါက်မြို့နယ်၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်တွေမှာ အောက်တိုဘာလ နောက်ဆုံးတစ်ပတ်ကနေ စတင်ပြီး စစ်အုပ်စုတပ်မ ၉၉ နဲ့ ၁၀၁ အောက်က နည်းဗျူဟာစစ်ကြောင်းနှစ်ကြောင်း ခန့်မှန်းအင်အား တစ်ထောင်ခန့်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းကို ဆိပ်ဖြူ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄) ကနေ တပ်မ-၉၉ အောက်ခံ တပ်ရင်းသုံးရင်းရဲ့ နည်းဗျူဟာတစ်ခုက စစ်ကြောင်းထိုးနေတာဖြစ်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာနဲ့ နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့ ပခုက္ကူနယ်မှာရှိတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ပေါက်မြို့နယ်မှာ တပ်မ-၉၉ အောက်ခံတပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း- ၁၀၉၊ ၄၁၉နဲ့ ၁၄ တို့ ရင်းသုံးရင်းပူပေါင်းထားတဲ့ နည်းဗျူဟာ စစ်ကြောင်းတစ်ကြောင်းရှိနေပြီး မြစ်ခြေနယ်မှာလည်း စစ်အုပ်စုခန့်မှန်းအင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းနဲ့ မြိုင်မြို့နယ်တောင်ပိုင်းက ပျူစောထီးစခန်းမှာလည်း စစ်အုပ်စု တပ်မ -၁၀၁ အောက်က နည်းဗျူဟာစစ်ကြောင်း ခန့်မှန်းအင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းရောက်ရှိနေတယ်လို့ ပခုက္ကူနယ်ကတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“ပေါက်ကကျတော့ ၁၀၉၊ ၄၁၉နဲ့ ၁၄ အဲလိုဟာမျိုးထဲက နည်းဗျူဟာ တစ်ဗျူဟာစာပေါ့နော်။ မြစ်ခြေရဲ့ ဟိုအောက်ဘက်က ဆိက္ခဝ ချောင်းမှာရှိတာပေါ့။ ကျွန်းချောင်းတို့ သူလည်း တပ်မ ၉၉ လို့ ပဲ ယူဆရပါတယ်၊မြိုင်နယ်တောင်ပိုင်းရောက်နေတာက အင်အား သုံးရာ လေးရာ ရှိမှာဆိုတော့ ပခုက္ကူနယ်မှာလည်း တစ်ဗျူဟာ ပြည့်နိုင်တယ်”

မြိုင်မြို့နယ် တောင်ပိုင်းက တွင်းမ ပျူစောထီးစခန်းကိုလည်း တပ်မ – ၁၀၁ နဲ့ ၉၉ တို့ ပူ‌ပေါင်းထားတဲ့ စစ်အုပ်စုခန့်မှန်းအင်အား ၃၀၀ ခန့်ပါစစ်ကြောင်းထိုးနေတာဖြစ်ပြီး အနီးက ကျေးရွာတွေဖြစ်တဲ့ နှမ်းဆီကန်းကျေးရွာက နေအိမ်တွေကို မွှေနှောက်ဖျက်စီးတာနဲ့ မီးရှို့တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက နည်းဗျူဟာကျကျ ဖွဲ့စည်းစစ်ကြောင်းထိုး စစ်ဆင်ရေးလုပ်ဆောင်နေတာတွေက နယ်မြေပြန်လည်စိုးမိုးဖို့နဲ့ စစ်မျက်နှာဖြန့်စရာမလိုတာ့တာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။

စစ်အုပ်စုရဲ့ နည်းဗျူဟာ ဖွဲ့စည်းပုံမှာတော့ တပ်မတစ်ခုအောက်က တပ်ရင်းသုံးရင်းကို နည်းဗျူဟာစစ်ကြောင်းအနေနဲ့ ဖွဲ့စည်းတာဖြစ်သလို နည်းဗျူဟာအရ ဖွဲ့စည်းစစ်ကြောင်းထိုးနေတာတွေဟာသာမန်နယ်မြေရှင်းလင်းဖို့အတွက် ဖွဲ့စည်းတာမျိုးမဟုတ်ဘဲ စစ်ဆင်ရေးတစ်ခုအနေနဲ့ စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ ဆိုပါတယ်။

အခုချိန်မှာတော့ စစ်မျက်နှာဖြန့်‌စရာမလိုတော့တာကြောင့် အညာဒေသက စစ်ကိုင်း၊မကွေးနဲ့မန္တလေး တို့ကို နည်းဗျူဟာဖွဲ့စည်းပုံအပြည့်နဲ့ စစ်ကြောင်းထိုးလာနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

နည်းဗျူဟာစစ်ကြောင်းတစ်ကြောင်းကနေ စစ်ကြောင်း နှစ်ကြောင်း အနေနဲ့ ခွဲထုတ်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေ စစ်ရေးသတိနဲ့နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

မြိုင်နယ်တောင်ပိုင်းက တွင်းမ ပျူစောထီးစခန်းကနေ အနီးက ကျေးရွာတွေဖြစ်တဲ့ သာစည်ကျေးရွာနဲ့နှမ်းဆီကန်ကျေးရွာတို့ကို စစ်အုပ်စုစစ်ကြောင်းရောက်ရှိနေပြီး နိုင်ဝင်ဘာလ ၅ ရက်နေ့မှာတော့ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့ ဒီနေ့မှာတော့ နှမ်းဆီကန်ကျေးရွာမှာ ညအိပ်ခဲ့တဲ့ စစ်‌အုပ်စုစစ်ကြောင်းက သရက်ကန်ပျူစောထီးစခန်းကို ရှေ့ဆက်ဖို့အတွက် လေကြောင်းကနေ ဗုံးကြဲကာ ပစ်ကူပေးနေတာတွေရှိပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးနှစ်လုံးလည်းကျန်ရှိသေးတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့က ပေါက်မြို့နယ် တောင်ပိုင်းက စစ်အုပ်စုစစ်ကြောင်းတွေကနေ စစ်အုပ်စုနှစ်ဦးက MA4 အမျိုုးအစားသေနတ်တစ်လက်နဲ့ခဲယမ်းတွေ ယူဆောင်ထွက်ပြေးလာတာကြောင့် တော်လှန်ရေးတပ်တွေက ထိန်းသိမ်းထားတယ်လို့ ပေါက်မြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button