ကိုသူ /MFP၊ နိုဝင်ဘာ – ၆
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမကြီးဘေးမှာရှိတဲ့ ကမ္ဘားနီ(ကမ်းပါးနီ) တံတားအနီးမှာ စစ်အုပ်စုတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ နိုဝင်ဘာ ၆ ရက် ဒီနေ့မှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုတပ်တွေက ကလေးနဲ့ မကွေးအစပ် ဟံသာဝတီကျေးရွာကနေ ကလေး-ဂန့်ဂေါလမ်းမကြီးအတိုင်း ကလေးမြို့ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာရမှာ ကမ်းပါးနီတံတားအနီးမှာ ဒီမနက်တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။
“တိုက်ပွဲကတော့ တော်တော်ပြင်းထန်နေတယ်ဗျ။ အရင်ကလဲ စစ်ဆိုင်ထားတဲ့ နေရာတွေပါ၊ ခဏခဏထိတွေမှု ဖြစ်နေတဲ့နေရာ အခုကတော့ မနေ့ကညနေကနေ ဒီမနက်ထိ ဖြစ်နေတာ” စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အဲဒီ ကမ်းပါးနီတံတားအနီးမှာ စစ်အုပ်စုရဲ့ဆည် စီမံကိန်းတွေနဲ့ ဆက်သွယ်ရေးတာဝါတိုင် ရှိနေတာကြောင့် တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတဲ့ အဲဒီဒေသကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ဖို့ အကြိမ်ကြိုးစားနေတာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ မှန်တော ပေးလိုက်ရပြီးတော့ စစ်ကြောင်းက မနားတမ်းထိုးလာတာ ပေါ့နော် ၊ကလေးဘက်ကနေ လာတဲ့ စစ်ကြောင်းနဲ့ ပေါင်းချင်တာလဲ ပါမယ်။ဂန့်ဂေါလမ်း ပြန်ထိန်းချုပ်ချင်တာလဲ ပါမယ်”
စစ်အုပ်စုကို အားပေးထောက်ခံနေတဲ့ တယ်လီဂရန်ချန်နယ်တွေတော့ နိုဝင်ဘာ ၄ ရက်နေ့က ကမ်းပါးနီတံတားအနီးမှာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အလောင်းသုံးလောင်းနဲ့ သေနတ် တချို့ သိမ်းဆည်းရရှိခဲ့သလို စစ်အုပ်စုတပ်သားနှစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဝါဒဖြန့်ဆိုထားပါတယ်။
ကလေးမြို့နယ်အတွင်းမှာ ကလေး- ဂန့် ဂေါလမ်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုတပ်တွေက နိုဝင်ဘာ ၂ ရက်နေ့မှာ နတ်ချောင်းကျေးရွာခံ စစ်ဘေးရှောင် အမျိုးသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ နတ်ချောင်းကျေးရွာဒေသခံ တစ်ဦးက ပြောပါတယ်။
“အလောင်းက ဒီနေ့မှ တွေ့ရတယ်ဗျ ၊ရေမြောင်းထဲက တွေ့ရတာ ၊ပုတ်တောင်နေပြီ “
ကလေးမြို့နယ်အတွင်းမှာ စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်တဲ့ နှစ်လကျော်အတွင်း အောက်တိုဘာ ၂၇ ရက်နေ့မှာ တမူးမြို့နယ်က ဝက်သားရောင်းတဲ့ ဦးကြည်လင်းနဲ့ ဦးမန်မန်းတို့ နှစ်ဦးကို အရှင်လတ်လက် သတ်ဖြတ်ခံခဲ့ရသလို အောက်တိုဘာ ၂၄ ရက်နေ့မှာလဲ ကလေးမြို့နယ်မြောက်ပိုင်းက အောင်ရွာကျေးရွာမှာ နေအိမ်ကို ရိက္ခာ ပြန်သယ်တဲ့ အသက်၄၀ အရွယ် ဦးကပ်ရှန်းမုန် (Pa Kap Sian Mung )တို့ သုံးဦး စစ်အုပ်စုလက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။
အလားတူ အောက်တိုဘာ ၁၉ ရက်နေ့မှာ ခုံသာ ကျေးရွာက အမျိုးသား ရှစ်ဦး၊ အောက်တိုဘာ ၂၀ ရက်နေ့မှာ ရာဇဂြိုဟ် ကျေးရွာက အမျိုးသား ၁၀ ဦးနဲ့ CDF-KKG တပ်ဖွဲ့ဝင် တစ်ဦးတို့ စစ်အုပ်စု စစ်ကြောင်းနဲ့ တိုးကာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီးတော့ စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကလေးမြို့ နယ်မှာ အာဏာသိမ်းလေးနှစ်ကျော်အတွင်း စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ ကျေးရွာပေါင်း ၃၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး အိုးမဲ့အိမ်မဲ့ဖြစ်သူ ၁၀,၀၀၀ ကျော် ရှိတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



