မန္တလေးသတင်း

မိုးကုတ်မှာ ကျောက်တွင်းပြိုကျလို့ ငါးဦး ပျောက်ဆုံး၊ သုံးဦး အလောင်းရပြီး နှစ်ဦး ရှာဖွေနေဆဲ၊

ကိုကော်ဖီ/MFP ၊ နိုဝင်ဘာ ၆

တအာင်းတပ်မတော် – TNLA သိမ်းပိုက်ထားပြီး မကြာမီ အာဏာသိမ်း စစ်အုပ်စုလက်ထဲ ပြန်ထည့်ပေးမယ့် မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ နိုဝင်ဘာ ၄ရက် ညနေပိုင်းက ကျောက်လုပ်ကွက်တစ်ခု ကျောက်တွင်းပြိုကျလို တွင်းလုပ်သား ငါးဦး ပျောက်ဆုံးနေကာ သုံးဦးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိပြီး နှစ်ဦးကိုတော့ ဆက်လက် ရှာဖွေနေဆဲလို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

မိုးကုတ်မြို့မှာ နေ့စဉ်ရက်ဆက် ‌မိုးသည်းထန်စွာ ရွာသွန်းနေချိန် နိုဝင်ဘာ ၄ရက် ညနေ ၆ နာရီဝန်းကျင်က ဂေါက်ကွင်းထဲရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်တစ်ခု ပြိုကျခဲ့တာလို့ ဆိုပါတယ်။

ကျောက်တွင်းပြိုပိမိကာ ပျောက်ဆုံးနေသူ ငါးဦးရှိပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ချိန် သုံးဦးရဲ့ အလောင်းကို တွေ့ရှိကာ နှစ်ဦးကတော့ မတွေ့သေးဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

သေဆုံး၊ ပျောက်ဆုံးနေတဲ့ ကျောက်တွင်းလုပ်သားတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

“လူတွေက စုပြုံပြီး ကြည့်နေကြတာ၊ ပြည်သူတွေကို အထဲ(လုပ်ကွက်)ကို ပေးမဝင်လို့ သေချာ မသိရဘူး၊ ကယ်ဆယ်ရေး ဘာညာလည်း မလုပ်ဘူးကြားတယ်၊ တွင်းထဲမှာပဲ မြေမြှုပ်လိုက်သလိုပေါ့” လို့ မိုးကုတ်မြို့ခံ အမျိုးသား တစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ တွင်းပြိုမှုဖြစ်တဲ့ မိုးကုတ်ဂေါက်ကွင်း ကျောက်မျက်လုပ်ကွက်ကို ကိုးကန့်လူမျိုးတွေ ဦးစီး လုပ်ဆောင်နေကြကာ သေဆုံး‌သူတွေဟာ တွင်းလုပ်သားတွေ ဖြစ်တယ်လို ကျောက်လုပ်ကွက်နဲ့ နီးစပ်သူ တစ်ဦးက ဆိုပါတယ်။ ကျောက်လုပ်ကွက်ကို ဘယ်သူတွေ လုပ်နေတယ်ဆိုတာ MFP အနေနဲ့ သီခြား အတည်မပြုနိုင်ပါ။

တန်ဘိုးမြင့်၊ အရည်အသွေးကောင်း ပတ္တမြား အပါအဝင် ကျောက်မျက်ရတနာမျိုးစုံ တူးဖော်ထွက်ရှိရာ မိုးကုတ်မြို့ကို TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ၂၀၂၄ ဇူလိုင်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

မိုးကုတ်မြို့ကို သိမ်းပိုက်ပြီးနောက် TNLA က စီမံအုပ်ချုပ်နေတာ ဖြစ်ပြီး ကျောက်မျက် ရတနာတူးဖော်ရေး လုပ်ငန်းတွေကိုလည်း လည်ပတ် လုပ်ကိုင်ခဲ့ပါတယ်။

တရုတ်ရဲ့ ကြားဝင်ခြိမ်းခြောက်အကြပ်ကိုင်မှုကြောင့် အောက်တိုဘာ ၂၉ရက်က ပြုလုပ်တဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ TNLA တို့ကြား ကိုးကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ မိုးကုတ်မြိုနဲ့ မိုးမိတ်မြို့တွေကို TNLA က အာဏာသိမ်း စစ်အုပ်စု လက်ထဲ ပြန်ထည့်ပေးဖို့ သဘောတူခဲ့ပြီး နှစ်ဖက် အပစ်ရပ်ခဲ့ကြပါတယ်။

မိုးကုတ်မြို့ကို စစ်အုပ်စုထံ ပြန်ပေးဖို့ သဘောတူထားပြီးဖြစ်ပေမယ့် ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်လို ပြန်ပေးမယ်ဆိုတာကို TNLA က အသေးစိတ် ထုတ်ပြန်အသိပေးတာ မရှိသေးပါဘူး။

လက်ရှိမှာ မိုးကုတ်မြို့ကို TNLA က ဆက်လက် စီမံအုပ်ချုပ်နေဆဲ ဖြစ်ပြီး နိုဝင်ဘာလကုန်ပိုင်းမှာ ဆုတ်ခွာမယ်လို့ သတင်းကြားကြောင်း မြို့ခံတွေက ပြောပါတယ်။

TNLA နဲ့ စစ်အုပ်စုတို့ အပစ်ရပ်ထားပေမယ့် မိုးကုတ်မြို့ကို စစ်အုပ်စု လက်အောက် ပြန်မရောက်အောင် ကာကွယ်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဩဂုတ်လက တစ်လအတွင်း မိုးကုတ်မြို့ခံပြည်သူ ၄၀ ကျော် သေဆုံးသည်အထိ မြို့ကို ဗုံးကြဲသတ်ဖြတ်ခဲ့ပေမယ့် လက်ရှိမှာတော့ ဗုံးကြဲတာတွေ ရပ်နားထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါပေမယ့် မိုးကုတ်မြို့ကို ပြန်ရပြီးပါက စစ်အုပ်စုက မြို့ခံပြည်သူတွေကို ထင်တိုင်းကျဲ ဖမ်းဆီးသတ်ဖြတ်နိုင်တာ၊ မြို့လွှဲပြောင်းမှုမှာ တိုက်ပွဲတွေ ဖြစ်ပွားချိန် မြို့ကို ထပ်မံ ဗုံးကြဲသတ်ဖြတ်မှုတွေ ကျူးလွန်နိုင်တာ၊ စတဲ့ စိုးရိမ်ချက်တွေကြောင့် မိုးကုတ်မြို့ခံတချို့ မြို့ကနေ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

“မြေပြင်မှာ ထိတွေ့ တိုက်ပွဲဖြစ်တာက ရှောင်တိမ်းချိန် ရသေးတယ်၊ လေယာဉ်နဲ့ ဗုံးလာလာကြဲတာတော့ မခံနိုင်တော့ဘူး၊ သိသမျှ  အမျိုးတွေကတော့ မြို့ကနေ ရှောင်တိမ်းနေကြပြီ”လို့ မြိုခံတစ်ဦးက MFP ကို ပြောပါတယ်။

တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ လားရှိုးမြို့ အပါအဝင် ရှမ်းမြောက်ဒေသက မြို့တွေကို ပြန်ရသွားတဲ့ စစ်အုပ်စုက မြို့ခံတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ နေအိမ်ချိပ်ပိတ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Related Articles

Back to top button