မန္တလေးသတင်း

မတ္တရာနယ် အင်ကြင်းမြိုင်နဲ့ ဆည်တော်ကြီးစခန်းတွေကို စစ်အုပ်စု ပြန်သိမ်းယူ၊

မတ္တရာနယ်ထဲ တော်လှန်ရေးတပ်တွေ သိမ်းယူထားတဲ့ ဧရိယာရဲ့ သုံးပုံနှစ်ပုံ အထိ လက်လွှတ်ရ၊

ထင်လင်း/MFP၊ နိုဝင်ဘာ – ၇

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်တွေ တစ်နှစ်ကြော်ကြာ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ဆည်တော်ကြီးနဲ့ အင်ကြင်းမြိုင် စခန်းတွေကို နိုဝင်ဘာ ၆ရက်မှာ စစ်အုပ်စုက ပြန်လည် သိမ်းယူနိုင်သွားတယ်လို့ တော်လှန်ရေးအင်အားစုတွေက MFP ကို ပြောပါတယ်။

မတ္တရာမြို့နယ် အရှေ့ခြမ်း၊ နောင်ချို-မတ္တရာ အစပ်မှာရှိတဲ့ ဆည်တော်ကြီး ရဲစခန်းနဲ့ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းတွေ ပြန်ရရေး စစ်အုပ်စုက လွန်ခဲ့တဲ့ လပိုင်းကတည်းက နောင်ချိုနဲ့ မတ္တရာဘက်ကနေ နှစ်ဘက်ညှပ်ကာ စစ်ကြောင်းထိုးနေပြီး အဓိကအားဖြင့် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတွေ သုံးကာ တိုက်ခိုက်လာတာလို့ ဆိုပါတယ်။

မန္တလေး – မတ္တရာ – မိုးကုတ် လမ်းကြောအတိုင်း စစ်အုပ်စုက စစ်ကြောင်း နှစ်ကြောင်း ထိုးလာပြီးတဲ့နောက် တစ်ကြောင်းကတော့ ဆည်တော်ဘက် ဝင်သွားကာ တစ်ကြောင်းကတော့ ကားလမ်းမကြီးပေါ်က တံငါ(မြောက်)ကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ နှစ်ဘက် တိုက်ပွဲ ပြင်းထန်နေတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

“ဆည်တော်၊ အင်းကြင်းမြိုင် ပြန်ပါသွားပြီ၊ အင်ကြင်းမြိုင်က မနေ့ညက ၈နာရီ၊ ၉နာရီလောက် ပြန်ပါသွားတာ၊ အနောက်ခြမ်းက စစ်ကြောင်း နှစ်ကြောင်းက တစ်ခုကတော့ ဆည်တော်ထဲ ဝင်သွားပြီ၊ တစ်ခုကတော့ တံငါသည်နားမှာပဲ ရပ်နေသေးတယ်” လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ တစ်နှစ်ကျော်ကြာ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မတ္တရာနယ်မြေတကြောကို ဒီနှစ် ဇူလိုင်လလောက်ကစပြီး စစ်အုပ်စုက ထိုးစစ်ပြန်ဆင်လာတာ ဖြစ်ပါတယ်။ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး စစ်အုပ်စု ပြန်လည် စစ်ကြောင်းထိုးရာမှာ လေကြောင်းနဲ့ ဒရုန်းကို အဓိက အသုံးပြုပြီး မြေပြင်စစ်ကြောင်းတွေမှာတော့ ပစ ခေါ် ပြည်သူ့စစ်မှုထမ်းတွေကို အဒိက အသုံးချတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

မတ္တရာနယ်ထဲ ပြန်လည် ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မန္တလေး – မတ္တရာ ကားလမ်းကို ပြန်လည် စိုးမိုးနိုင်သွားသလို မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာ၊ မန္တလေး၊ မတ္တရာနဲ့ ပုသိမ်ကြီး သုံးမြို့နယ်အစပ်ရှိ ဖယောင်းတောင် သတ္ထုတွင်း၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံတို့ကို ပြန်သိမ်းယူနိုင်ခဲ့ပါတယ်။

လက်ရှိမှာ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးစခန်းနဲ့ ဆည်တော်စခန်းတွေအထိ ပြန်ပါသွားတဲ့အတွက် မတ္တရာနယ်ထဲ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ဧရိယာရဲ့ သုံးပုံနှစ်ပုံခန့်အထိ ဆုံးရှုံးခဲ့တယ်လို့လည်း တော်လှန်ရေး ရဲဘော်တွေက MFP ကို ပြောပါတယ်။

“မတ္တရာရဲ့ သုံးပုံနှစ်ပုံလောက် ပါသွားတဲ့အနေအထားပါ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မန္တလေး – မတ္တရာ – စဉ့်ကူး – မိုးကုတ် ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု နှစ်ဖွဲ့အနက် ကားလမ်းပေါ် ကျန်နေသေးတဲ့ တစ်ဖွဲ့နဲ့ တော်လှန်ရေးတပ်တွေ တံငါ -မြောက် (ကျောက်စရစ်မြောက်)ရွာအနီး တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့လည်း ဆိုပါတယ်။

မတ္တရာနယ်ထဲ စစ်အုပ်စုက ထိုးစစ်ဆင်ရာမှာ လေယာဉ်၊ ဒရုန်းနဲ့ လက်နက်ကြီး သာလွန်အင်အားနဲ့ ထိုးစစ်ဆင်လာတာ ဖြစ်ပြီး နိုဝင်ဘာလ ၇ ရက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ရှိနေသလို လေယာဉ်ကို အနိမ့်ပျံပြီး လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ ဆွဲကာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

မတ္တရာဘက်မှာ စစ်အုပ်စု ထိုးစစ်ရှေ့ရောက်လာတဲ့အတွက် ဒေသခံကျေးရွာ အမြောက်အများ အကြိမ်ကြိမ် နေရာရွှေ့ပြောင်းကာ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး မတ္တရာ – စဉ့်ကူးနယ်အစပ် ကျေးရွာတွေက ဒေသခံတချို့ပါ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီဆင်နွှဲတဲ့ ရှမ်း-မန်း စစ်ဆင်ရေးတွေအတွင်း ရှမ်းမြောက်ဒေသ သာမက မန္တလေးနဲ့ ထိစပ်နေတဲ့ မတ္တရာနဲ့ စဉ့်ကုးနယ်က စစ်စခန်းအများအပြားကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်အုပ်စု စစ်ရှုံးကာ လက်လွှတ်ခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လတွေအတွင်း စစ်အုပ်စုက တရုတ်အကူအညီနဲ့ လားရှိုးမြို့ကို ပြန်လည် ရရှိသလို ငလျင်ကြောင့် တော်လှန်ရေး တပ်တွေက အပစ်အခတ် ရပ်စဲတာကို အခွင့်ကောင်းယူပြီး စစ်အုပ်စုက တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ ပြန်လည် ထိုးစစ်ဆင်ကာ စစ်ရှုံးနယ်မြေတွေ ပြန်လည် သိမ်းယူနေတာ ဖြစ်ပါတယ်။

ရှမ်း-မန်း စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့တဲ့ မတ္တရာနယ် ဆည်တော်ကြီးစခန်းနဲ့ တံငါတံတား/Photo – MDY-PDF

Related Articles

Back to top button