ရွှေဘို-မန္တလေးလမ်းမှာ ပကဖ ခုနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်တဲ့ စစ်အုပ်စုက ရွာတွေကို ဆက်လက် မီးရှို့၊

ဒေါ်လာ/MFP ၊ နိုဝင်ဘာ – ၈
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်၊ ဝက်လက်မြို့နယ်အစပ်၊ ရွှေဘို – မန္တလေး ကားလမ်း၊ စိုင်နိုင်လေးရွာအနီးက ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ကင်းစခန်းကို စီးနင်းကာ တော်လှန်ရေးရဲဘော် ခုနှစ်ဦးကို ဖမ်းဆီးညှဉ်းပန်း နှိပ်စက် သတ်ဖြတ်တဲ့ စစ်အုပ်စုက အနီးဝန်းကျင် ကျေးရွာတွေကို ဆက်လက် စီးနင်းလုယက်ကာ မီးရှို့နေလို့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
နိုဝင်ဘာ ၈ရက် ဒီကနေ့ မနက် ၆နာရီဝန်းကျင်အချိန် ရွှေဘိုမြို့နယ် နှောပင်ရွာ၊ ဇီးတောရွာနဲ့ လုံးတော်ရွာတို့ကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့နေပြီး ဒေသခံပြည်သူတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
နှောပင်ရွာ အပါအဝင် အဲဒီ ရွှေဘိုနဲ့ ဝက်လက်နယ်အစပ် ကျေးရွာတွေကို စီးနင်းလုယက် မီးရှို့နေတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ရွှေဘိုမြို့ပေါ်က ထွက်လာတဲ့ စစ်အုပ်စု ဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက ရွှေဘို-မန္တလေးကားလမ်းပေါ်ရှိ ပကဖ ကင်းစခန်းတစ်ခုကို အလစ်ချောင်း စီးနင်းကာ တော်လှန်ရေး ရဲဘော်ခုနစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ စ်စအုပ်စု ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက MFP ကို ပြောပါတယ်။
“ရွှေဘိုမြို့နယ် ဇီးတောရွာ၊ နှောပင်ရွာ၊ လုံးတော်ရွာ တို့ကို စစ်တပ်က အင်အား အလုံးအရင်း စစ်ကြောင်းထိုးနေတဲ့အတွက် ပြည်သူများ ဘေးကင်းရာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဝက်လက်နယ် စိုင်နိုင်လေးရွာက ထွက်လာတဲ့ စစ်အုပ်စုဟာ ဒီကနေ့ မနက် ၅နာရီခွဲလောက်မှာ ရွှေဘိုမြို့နယ် နှောပင်ရွာကို စီးနင်းလုယက်ပြီး မနက် ၆ နာရီမထိုးခင်ကတည်းက ရွာကို မီးတင်ရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။
“ရွှေဘိုမြို့အတွင်းမှ ထွက်ခွာလာပြီး ဘုံးဘွဲကျေးရွာ၊ နှောပင်ရွာ၊ စိုင်နိုင်လေးကျေးရွာ၊ သေနတ်ချောင်ကျေးရွာ များသို့ ရောက်ရှိနေသော စကစများသည် ကျေးရွာများအား နံနက်လင်းပိုင်း အချိန်တွင် ကင်းပုန်းတိုး ဝင်ရောက်ခါ ကျေးရွာများအား စီးနင်းခြင်း၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ခြင်း ပြုလုပ်နေပါသဖြင့် မိမိတို့ ကျေးရွာရှိ ကင်းများကို အထူးဂရုစိုက်ကြပါရန်နှင့် ကျေးရွာသူကျေးရွာသားများလည်း သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့များ၏ လမ်းညွှန်ချက်များကို အထူးလေးစားလိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်” လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်တဲ့ တော်ဝင်ဖီးနစ်ပြောက်ကျားတပ်ကလည်း ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ရွှေဘိုခရိုင်ထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့နဲ့ ရွှေဘို – မန္တလေးလမ်းကို စိုးမိုးနိုင်ဖို့ ကြိုးစားနေပြီး ရွေဘိုနဲ့ ဝက်လက်နယ် ရွာသာကြီးရွာကြီး လမ်းပိုင်းကို နှစ်ဖက်ညှပ် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ယခု နိုဝင်ဘာလဆန်းအတွင်း ဝက်လက်နယ်၊ ရွာသာကြီးအနီးက ကျေးရွာ ခုနှစ်ရွာကို မီးရှို့ဖျက်ဆီးပြီး ဖြစ်သလို ရွှေဘိုနဲ့ ဝက်လက်နယ်အစပ်က ကျေးရွာတွေကိုလည်း ဆက်လက် စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုက ကျေးရွာတွေကို စီးနင်းလုယက် မီးရှို့ချိန် လွတ်အောင်ထွက်မပြေးနိုင်တဲ့ ပြည်သူတွေ ဖမ်းဆီးခံရထားရပြီး ဝက်လက်နယ် ရွာသာကြီးရွာအနီး၊ မောက္ကဒီးရွာ တစ်ရွာတည်းမှာပင် ပြည်သူ ၄၀ ကျော် နိုဝင်ဘာ ၃ရက်ကတည်းက ဖမ်းဆီးခံရထားရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ရွှေဘို – မန္တလေးလမ်း၊ ရွှေဘိုနယ် နှောပင်ရွာနဲ့ ဝက်လက်နယ် တမာကုန်းကျေးရွာတွေကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေစဉ်/Photo – စစ်အုပ်စု၊ CJ



