စစ်ကိုင်းသတင်း

ကလေးမြို့မှာ စစ်အုပ်စုခန့် ရပ်ကွက်အုပ်ကြီး၊ ဒုအရာခံဗိုလ်နဲ့ ပျူတွေ ပူးပေါင်းကာ ဓားပြတိုက်၊

လက်ပူးလက်ကြပ် မိလို့ စစ်အုပ်စုက မလွှဲသာမရှောင်သာ ဖမ်းခေါ်သွား၊

ကိုသူ/MFP၊ နိုဝင်ဘာ – ၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မနေ့ကညပိုင်း စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဒုအရာခံဗိုလ်နဲ့ ပျူစောထီးတွေ ပူးပေါင်းပါဝင်တဲ့အဖွဲ့က နေအိမ်တစ်အိမ်ကို စီးနင်းဓားပြတိုက်ခဲ့ပြီး လက်ပူးလက်ကြပ် မိလို့ စစ်အုပ်စုက မလွှဲသာမရှောင်သာ ဖမ်းခေါ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

နိုဝင်ဘာ ၈ရက် ညပိုင်းအချိန် ကလေးမြို့ အောင်သစ္စာရပ်ကွက်က စစ်အုပ်စုခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဦးဆောင်ကာ သားဖြစ်သူ ဒု-အရာခံဗိုလ်နဲ့ ပျူစောထီး ရှစ်ဦးတို့ ပူးပေါင်းပြီး ကလေးမြို့ တာဟန်းရပ်ကွက်ထဲက နေအိမ်တစ်အိမ်ကို ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလို ရပ်ကွက်ကျော်ပြီး ဓားပြလာတိုက်တဲ့ အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ဓားပြအဖွဲ့ကို အိမ်ရှင်ထံက ကျပ်သိန်း ၃၀၀၀ ထုတ်ပေးဖို့ ဓားပြတိုက်နေချိန် စစ်အုပ်စုထံ အကြောင်းကြားပြီး ဖမ်းဆီးရာမှာ လက်ပူးလက်ကြပ် ဖမ်းမိတာလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

“အောင်သစ္စာအုပ်ချုပ်ရေးမှူးနဲ့ ဒုအရာခံဗိုလ် သားက ဓါးပြတိုက်တော့ သိန်း ၃၀၀၀ တောင်းတယ် ကြားရတယ်။ အဲ့ဒါ တာဟန်းရပ်ကွက်မှာ ဓါးပြတိုက်နေတုန်း ညတွင်းချင်း စစ်တပ်က ဖမ်းသွားတယ်”

ရပ်ကွက်ကျော် ဓားပြတိုက်ချိန် လက်ပူးလက်ကြပ် ဖမ်းမိတဲ့အတွက် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး၊ ဒု-အရာခံဗိုလ်နဲ့ ပျူစောထီး ရှစ်ဦးတို့ကို စစ်အုပ်စုက ကလေးမြို့မ ရဲစခန်းကို ဖမ်းခေါ်သွားပြီး လက်ရှိအချိန်ထိ ရဲစခန်းမှာ ချုပ်နှောင်ထားဆဲလို့ ကြားရကြောင်း မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

“သူက အောင်သစ္စာရပ်ကွက် အုပ်ချုပ်ရေးမှုး လုပ်ပြီးတော့ ကားတွေ ဝယ်စီးလို့ ငွေ တော်တော် လိုနေတယ် သိရတယ်။ ဒုအရာခံဗိုလ် သားကတော့ ဆေးသမား”

ပြီးခဲ့တဲ့ ၂၀၂၃ ကလည်း ကလေးမြို့၊ အောင်သစ္စာရပ်ကွက်က နေအိမ်နှစ်အိမ် ဓါးပြတိုက်ခံရပြီး ကျူးလွန်သူတွေဟာ စစ်အုပ်စု လက်သပ်မွေး၊ သေနတ်ထုတ်ပေးထားတဲ့ ပျူစောထီးတွေ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပေမယ့် စစ်အုပ်စုကတော့ ကျူးလွန်သူတွေကို ဖမ်းဆီးတာ မရှိခဲ့ပါဘူး။

လက်ရှိမှာတော့ ရပ်ကွက်ကျော် ဓားပြတိုက်ချိန် လက်ပူးလက်ကြပ်မိတာကြောင့် မြို့ခံတွေကျေနပ်အောင် အဖမ်းပြတာ ဖြစ်နိုင်ပြီး ဘယ်အချိန် ပြန်လွှတ်မယ်ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းလေးနှစ်ကျော်အတွင်း ကလေးမြို့ပေါ်ရှိ အောင်သစ္စာနဲ့ တာဟန်းရပ်ကွက်၊ ကလေးနယ်ရှိ အဖွဲ့စက် ကျေးရွာတွေမှာ ဓါးပြမှု ၁၀ကြိမ်ကျော် ဖြစ်ပွါးခဲ့ပြီး ကျူးလွန်သူတွေကိုတော့ စစ်အုပ်စုက ဖမ်းဆီးနိုင်တာ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက ကလေးမြို့ တာဟန်းရပ်ကွက်ထဲမှာ တွေ့ရတဲ့ စစ်အုပ်စု လက်နက်ကိုင်တွေ/Photo – CJ

Related Articles

Back to top button