စစ်ကိုင်းသတင်း

ဒီပဲယင်းနယ်ကို စစ်အုပ်စု လေကြောင်းက ဗုံးနှစ်ကြိမ်ကြဲတာကြောင့် အရပ်သား ၁၀ ဦးကျော် ဒဏ်ရာရ

MN/MFP ၊ နိုဝင်ဘာ – ၁၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို ဒီကနေ့ နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၃ နာရီခွဲဝန်းကျင်နဲ့ ညနေ ၆ ဝန်းကျင်တို့မှာ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ 

ဒီပဲယင်းနယ်အနောက်ခြမ်းက ဆပ်ပြာကျင်းရွာအပါဝင် အနီးဝန်းကျင်က ကျေးရွာတွေကို စစ်အုပ်စုက ဒီကနေ့ နေ့လယ် ၃ နာရီခွဲကနေ ညနေ ၄ နာရီထိ ဂျက်ဖိုက်တာ ၏သုံးစီးနဲ့ လေးကြိမ် ပစ်ခတ်ခဲ့ပြီး ညနေ ၆ နာရီဝန်းကျင်မှာတော့ ပေါင် ၅၀၀ ဗုံးတွေ ထပ်မံကြဲချခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စု လေကြောင်းကနေ ပစ်ခတ်ခဲ့တဲ့ ပေါင် ၅၀၀ ဗုံးတွေဟာ ကျေးရွာတွေအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူထိခိုက်သေဆုံးမှုတွေရှိနေသလို နေအိမ်မီးလောင်ပျက်စီးတာတွေပါ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

“ကျွန်းတောလေးမြောက်ရွာ၊ ဘုတ်ထန်း၊ ဆပ်ပြာကျင်း အဲဒီရွာတွေကို ကြဲသွားတာ။ အိမ်တွေပါ မီးလောင်နေတာ။ သေဆုံးကတော့ မရှိဘူး။ အထိအခိုက်ကတော့ ၁၀ ဦးကျော်လောက်ရှိတယ်။ ဒဏ်ရာပြင်းထန်တာကတော့ လေးဦးလောက်ရှိတယ်။ အခုထိအသေးစိတ်စာရင်း မသိရသေးပါဘူး”

လက်ရှိမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာက သေဆုံးထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေပြီး ဒဏ်ရာပြင်းထန်သူတွေတွေကို ဆေးကုသဖို့ ရွှေ့ပြောင်း နေတယ်လို့ပြောပါတယ်။

စစ်အုပ်စုဗုံးကြဲ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူတွေရှိပေမဲ့ အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း MFP ကိုပြောပါတယ်။

“ရွာထဲပစ်တာဆိုတော့ ထိခိုက်မှုရှိပါတယ်ဗျ။ ဟုတ်ပါတယ် တိုက်ပွဲမရှိဘဲ ပစ်သွားတာပါ။ လူထိခိုက်မှုအရေအတွက်ကိုတော့ လတ်တလောအတည်မပြုနိုင်သေးပါဘူး။ မြေပြင်မှာ အဖွဲ့အစည်းတွေအားလုံးက ကြိုးစားနေကြဆဲပါဗျ”

စစ်အုပ်စုက ဒီပဲယင်းနယ်ထဲကို ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးမီးရှို့ပြီး လူသတ်၊ လုယက်တာ၊ လေကြောင်းကနေ တိုက်ပွဲမရှိတဲ့ ကျေးရွာတွေနဲ့ စာသင်ကျောင်းတွေကို ဗုံးကြဲသတ်ဖြတ်တာတွေ မကြာခဏ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ သေဆုံး ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ပေါ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။ ဒါ့အပြင် မေလ ၁၂ ရက်နေ့ကလည်း ဒီပဲယင်းနယ် အိုးတိန်တွင်းရွာစာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကျောင်းသူကျောင်းသား ၂၄ ဦးသေဆုံးကာ ၁၃ ဦးကိုယ်လက်အင်္ဂ်ချို့ယွင်းခဲ့ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button