မန္တလေးသတင်း

မိုးကုတ်ဂေါက်ကွင်းမှာ အသေးစားကျောက်လုပ်ကွက်တွေ မြို့ခံတချို့ကို TNLA လုပ်ကိုင်ခွင့်ပြု

မှူးအိန်ဂျယ်လ်/MFP၊ နိုဝင်ဘာ – ၁၁

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ကျောက်အများဆုံးထွက်တဲ့ ဂေါက်ကွင်းအနီးက ကျောက်တွင်းတွေမှာ အသေးစားလုပ်ကွက်ကို နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး တအာင်းလွတ်မြောက်ရေးတပ်မတော် – TNLA က မြို့ခံတချို့ကို လုပ်ကိုင်ခွင့်ပြုထားတယ်လို့ မိုးကုတ်မြို့ခံတွေက MFPကို ပြောပါတယ်။

လာမဲ့နိုဝင်ဘာ ၂၀ ရက်မှာ မိုးကုတ်မြို့ကနေ အပြီးထွက်ခွာဖို့ပြင်ဆင်နေတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က မြို့ကနေ မထွက်ခွာခင် အရည်ကျောက်တွေ အများဆုံးထွက်တဲ့ မိုးကုတ်ဂေါက်ကွင်းမှာ လုပ်ကိုင်ခွင့် ပြုလိုက်တာလို့ ဆိုပါတယ်။

” လက်ရှိမိုးကုတ်မြို့မှာ TNLA ဘက်က မိုးကုတ်ဂေါက်ကွင်းမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ နားထားတဲ့အပေါ်မှာ မြို့ခံတွေကို လေးပင်တွင်းတွေ ပေးပြီး လုပ်ကိုင်ဖို့ကြိုးစားနေတာတွေရှိပါတယ်။မြို့ခံတွေကို တစ်ဖက်က ပေးလုပ်ချင်သယောင်ယောင်ရှိပေမယ့် တစ်ကယ်တမ်း ယခင်တုန်းက အခြေနေတည်ငြိမ်နေတုန်းက အနားကပ်ခွင့်မပေးခဲ့ဘဲ ခုလိုမျိုး အရေးပေါ် အခြေနေမှာကျမှ အလျင်အမြန် တူးယူထုတ်ဖော်လိုတဲ့အတွက် ခုလိုလုပ်ဆောင်တယ်လို့ မြင်မိပါတယ်” လို့ မိုးကုတ်မြို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

မိုးကုတ်ဂေါက်ကွင်းဟာ မြို့အနောက်ဘက်မှာ တည်ရှိပြီး ဧကနှစ်ရာနီးပါး အကျယ်အဝန်းရှိတယ်လို့ ဆိုပါတယ်။ အဲဒီဂေါက်ကွင်းမှာ ကျောက်တူးဖော်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ ရပ်နားထားချိန် မြို့ခံတချို့ကို ခေါ်ယူပြီး လေးပေတွင်းလုပ်ကွက်တွေ လုပ်ကိုင်ခွင့် ပြုထားတာ ဖြစ်ပါတယ်။

” ခေတ်ကာလ ကောင်းတုန်းကတော့ ဒေသခံကို ပေးမလုပ်ဘူး။ သူတို့က ထွက်ခါနီးမှ အကျိုး အမြတ်တွေ အများကြီး ယူပြီးမှ ကျန်တဲ့သူကို ပေးလုပ်တာပါ။ ဂေါက်ကွင်းက ကျောက်ထွက်တယ်ဆိုပြီးနာမည်ကြီးတော့။ လုပ်ချင်ကြတာ ပြည်သူကို စေတနာ ရှိလို့မဟုတ်ဘူး။ အခုပေးလုပ်တာလဲ။ သူတို့က လုပ်တဲ့သူတွေရဲ့ ရသမျှရဲ့ ၇၀ ရာခိုင်နှုန်းကို ယူတယ်။ ၃၀ ရာခိုင်နှုန်းပဲရတာ” လို့ TNLAနဲ့ နီးစပ်တဲ့ မိုးကုတ်မြို့ခံ ကျောက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

TNLA အနေနဲ့ လေးပင်တွင်း တစ်ရာထက်မနည်း မြို့ခံတွေကို လုပ်ကိုင်ခွင့်ပြုထားတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်ကိုတော့ MFPအနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးသလို TNLAရဲ့ ပြောခွင့်ရသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

မိုးကုတ်မြို့ကို TNLAသိမ်းပိုက်ထိန်းချုပ်ပြီးနောက် ၂၀၂၄ခုနှစ် စက်တင်ဘာလကစပြီး လုပ်ငန်းရှင်တွေကို ပြန်လည်တူးဖော်ခွင့် ပြုခဲ့တာဖြစ်ပါတယ်။ ကျောက်အများဆုံးထွက်တဲ့ မိုးကုတ် ဂေါက်ကွင်း၊ ဝန်းထရံ ၊ ပင့်ကူတောင်နဲ့ ဘော်ဗဒါန်း စတဲ့ လုပ်ကွက်တွေမှာ ခွင့်ပြုခဲ့ရာကနေ အပစ်ရပ်ပြီးနောက် ကျောက်တူးဖော်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းချိန်မှာ လေးပင်တွင်းတွေ ထပ်မံလုပ်ကိုင်
ခွင့် ပြုခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေးအတွင်း မိုးကုတ်မြို့သိမ်းတိုက်ပွဲ ပြင်းထန်ချိန်မှာ မြို့ရဲ့ကျောက်ကုန်သည် ၆၀ ရာခိုင်နှုန်းခန့်က ရွှေ့ပြောင်းသွားသလို အပစ်ရပ်ပြီးနောက်ပိုင်း ကျန်ရှိနေသေးတဲ့ ကျောက်
ကုန်သည်တွေလည်း မြို့ကိုစွန့်ခွာထွက်နေကြပြီလို့ ဆိုကြပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button