ချင်းတောင်ကို နှစ်ပတ်အကြာ စစ်ကြောင်းထိုးနေတဲ့စစ်အုပ်စုတပ်တွေကြောင့် ဖလမ်းနဲ့တီးတိန်က ကျေးရွာပေါင်း ၂၀ ကျော် စစ်ရှောင်နေရ
ကိုသူ /MFP၊ နိုဝင်ဘာ – ၁၁
ချင်းပြည်အတွင်းကို နှစ်ပတ်ကျော်အကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်အုပ်စုတပ်ကြောင့် ဖလမ်းနဲ့ တီးတိန်မြို့နယ်တွေက ကျေးရွာပေါင်း ၂၀ ကျော်မှာ နေထိုင်တဲ့ ဒေသခံတွေ တောတောင်
တွေအတွင်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အုပ်စုတပ်တွေဟာ ချင်းပြည်နယ်ရဲ့ ဝင်ပေါက်လမ်းမကြီးတွေဖြစ်တဲ့ ကလေး -တီးတိန်- ဖလမ်းလမ်းမကြီးကနေ စစ်ကြောင်းတစ်ကြောင်း၊ ကလေး – နတ်ချောင်းလမ်း ဖလမ်းမြို့နယ် ဝေဘူလမြို့ကနေ စစ်ကြောင်းတစ်ကြောင်း၊ တီးတိန်မြို့ပေါ်ကနေ တီးတိန်- ကလေး -ဖလမ်းလမ်းမကြီးကနေ စစ်ကြောင်းတစ်ကြောင်းစီနဲ့ နေစုစုပေါင်အင်အား ၇၀၀ ပါ စစ်ကြောင်းသုံးကြောင်းနဲ့ အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၁၁ ရက်နေ့အထိ နှစ်ပတ်ခန့်အကြာ စစ်ကြောင်းထိုးဝင်ရောက်နေတာ ဖြစ်ပါတယ်။
ဒီစစ်ကြောင်းတွေကြောင့် တီးတိန်မြို့နယ်အတွင်းက ခိုင်ကမ်း၊ ထေးဇန်၊ ဆွလိမ်၊ အာလွယ်၊ သိုင်းငင်း၊ ဆဲဇန်၊ ဟိန်ဇိန်၊ ဆိုဇန်၊ မွာလ်ပီးကျေးရွာတွေနဲ့ ဖလမ်းမြို့နယ်အထဲက လိုင်ဗား၊ တလန်းဇာရ်၊လုမ်းဘန်း၊ ပါရ်သဲ၊ ထင်းရှုးမြိုင်၊ ဗားရ်နဲ့ဝေဘူလစတဲ့ ကျေးရွာ ပေါင်း ၂၀ ကျော် တိမ်းရှောင်နေရတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၁၁ ရက်ဒီနေ့အထိ ဆယ်ရက်ကျော်အကြာ တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေတဲ့ သိုင်းငင်းကျေးရွာ ဒေသခံ တစ်ဦးက ပြောပါတယ်။
“တီးတိန်ဘက်ကတော့ ရှောင်ရတာကြာပြီ ကားလမ်းဘေးကတော့ အကုန်ရှောင်ကြရတယ်။ သိုင်းငင်းက လူတွေကတော့ အိန္ဒိယကို ဖြတ်လမ်းက သွားကြတာလဲရှိတယ်။ တောထဲ နေကြတာလဲ ရှိတယ်”
အလားတူ ဖလမ်းမြို့နယ်အတွင်းမှာရှိတဲ့ ဝေဘူလမြို့နဲ့ ဖလမ်း- တီးတိန်- ကလေး – လမ်းမကြီးတလျှောက်မှာ နေထိုင်ကြတဲ့ ဒေသခံ သုံးထောင်ကျော်လည်း တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ကြုံနေရတယ်လို့ ဖလမ်းမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တီးတိန်ကနေ မနေ့က ထွက်လာတယ်လို့ သိရတယ်။ကားလမ်းဘေးက ဆိုင်တွေကတော့ အကုန်ပိတ်ပြေးကြတယ်။ ဘာကုန်စုံဆိုင် မဖွင့်ကြတော့ဘူး၊ ရာသီဥတုကဆိုးတော့ ထမင်းအိုးက ခက်ခက်ခဲခဲ ချက်နေကြရတယ်”
လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက တီးတိန်မြို့ကနေ ဖလမ်းမြို့ကို ဦးတည်လာတဲ့ စစ်ကြောင်းတစ်ကြောင်း၊ ကလေး -နတ်ချောင်း – ဝေဘူလ မြိုက နေ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းနဲ့ ဖလမ်းမြို့နယ်ကို ဝင်ရောက်လာပြီးတော့ ကလေး -နတ်ချောင်း – ဝေဘူလ မြိုကနေ ထိုးလာတဲ့ စစ်ကြောင်းကတော့ ဖလမ်းမြို့ အနီးကဗားရ် တံတားအနီးကို နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက ရောက်ရှိနေတယ်လို့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။
“ဝေဘူလ စစ်ကြောင်းက တံတားအောက် (ဗားရ်တံတား)အောက် ရောက်လာပြီ။ တီးတိန်က စစ်ကြောင်းကတော့ မရောက်လာသေးဘူး၊ လမ်းမှာပဲ ရှိသေးတယ်။ ဘယ်နေရာ ရောက်တယ် မသိရသေးဘူး “
တီးတိန်မြို့နယ်နဲ့ ဖလမ်းမြို့နယ်အတွင်းမှာ တော့ စစ်အုပ်စုတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံထားရတဲ့ ဒေသခံ ၁၄ ဦးကို ချင်းညီနောင် တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၇ ရက်နေ့မှာ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ချင်းညီနောင်တပ်ဖွဲ့ ဝင် PDF -Zoland က ထုတ်ပြန်ထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



