မကွေးသတင်း

မတ္တရာကနေ စဉ့်ကူးဘက် ထိုးလာတဲ့ စစ်အုပ်စု စစ်ကြောင်း ရေနံ့သာရွာအထိ ရောက်လာ၊

မတ္တရာနဲ့ စဉ့်ကူးနယ်က ပြည်သူတွေ ထွက်ပြေးနေရပြီး စစ်အုပ်စုက စစ်ရှောင်တွေကို ဗုံးလိုက်ကြဲ သတ်ဖြတ်နေ၊

ထင်လင်း/MFP၊ နိုဝင်ဘာ – ၁၄

မန္တလေးတိုင်း၊ မတ္တရာမြို့ကနေ မန္တလေး – စဉ့်ကူး ကားလမ်းအတိုင်း ပြန်လည် ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စု စစ်ကြောင်းဟာ လက်ရှိမှာ မတ္တရာနယ် ရေနံ့သာကျေးရွာအထိ ရောက်ရှိလာပြီး ကျေးရွာ စာသင်ကျောင်းနဲ့ ရွာအဝင် တိုးဂိတ်မှာ ဝင်ရောက်တပ်စွဲ နေရာယူထားတယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက MFP ကို ပြောပါတယ်။

မတ္တရာမြို့နယ်ရှိ တော်လှန်ရေးအင်အားစုတွေ ထိမ်းချုပ်စိုးမိုးနယ်မြေတွေကို စစ်အုပ်စုက လေကြောင်းနဲ့ ဒရုန်းပစ်ကူ ယူကာ သာလွန်အင်အားနဲ့ ပြန်လည် ထိုးစစ်ဆင် သိမ်းယူနေတာ ဖြစ်ပြီး မတ္တရာမြို့ရဲ့ မြောက်ဘက်ခြမ်း ရေနံ့သာရွာအထိ ရောက်လာတာလို့ ဆိုပါတယ်။

 “မတ္တရာ အခြေအနေက ရေနံ့သာစာသင်ကျောင်းထဲတော့ ခွေးဝင်သွားပြီဗျ၊ ဆည်တော်ဘက်က ခွေးကြောင်းကတော့ လှုပ်ရှားမှု မရှိသေးပါဘူး” လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

ရေနံ့သာရွာ အပါအဝင် မတ္တရာမြို့အနီးက စစ်စခန်းတွေနဲ့ မန္တလေး – မတ္တရာ – စဉ့်ကူး – သပိတ်ကျင်း လမ်းကြောတလျှောက်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF နဲ့ မဟာမိတ် တော်လှန်ရေးတပ်တွေက ၂၀၂၄ နှစ်လယ်ပိုင်းကတည်းက သိမ်းယူထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း အာဏာသိမ်း စစ်အုပ်စုက တရုတ်အားကိုးနဲ့ လားရှိုးမြို့ကို ပြန်ရတာ၊ ငလျင်ကြောင့် တော်လှန်ရေးတပ်တွေက အပစ်ရပ်တာကို အခွင့်ကောင်းယူပြီး ပြန်လည် ထိုးစစ်တာ၊ တရုတ်အားကိုးနဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့ကို အပစ်ရပ်ခိုင်းတာ၊ စတာတွေ လုပ်ပြီးနောက် မတ္တရာ အပါအဝင် မန္တလေးတိုင်းအတွင်းက စစ်ရှုံးနယ်မြေတွေ ပြန်ရရေး အရှိန်မြှင့်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

စစ်ရှုံးထားတဲ့ စစ်စခန်းတွေ ပြန်ရရေး လေကြောင်းနဲ့ ဒရုန်း အားပြုကာ ထိုးစစ်ဆင်နေတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာက အယ်လ်ဖာဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင် သတ္ထုတွင်း စတာတွေကို ပြန်လည် သိမ်းယူနိုင်ပြီးနောက် မန္တလေး – မတ္တရာ – စဉ့်ကူး – သပိတ်ကျင်း ကားလမ်းအတိုင်း စဉ့်ကူးဘက်ကို ဆက်လက် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မတ္တရာနယ်က ဆည်တော်ကြီးနဲ့ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်တွေကိုလည်း စစ်အုပ်စုက ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မန္တလေး – သပိတ်ကျင်း ကားလမ်းမကြီးအတိုင်း ထိုးစစ်ဆင်လာတဲ့အတွက် မတ္တရာမြို့နယ် မြောက်ဘက်ခြမ်းက ဒေသခံတွေနဲ့ စဉ့်ကူးမြို့နယ်ထဲက ဒေသခံ အများအပြား ကြိုတင် စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်ဘက်က စစ်ဘေးရှောင်ပြည်သူတွေဟာ စဉ့်ကူးမြို့နယ်ဘက်ကို ထွက်ပြေးလာကြပြီး စဉ့်ကူးနယ်ခံတွေလည်း ဘေးလွတ်မယ်ထင်တဲ့ နေရာတွေဆီ ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။

”ရွှေ့တဲ့ လူတွေကတော့ တော်တော်ကို ရွှေ့သွားပြီ။ မန်းတိုင်း(MDY-PDF)ကတော့ တရားဝင်တော့ ဘာမှ မပြောသေးဘူး၊ ရွှေ့တို့ဘာတို့တော့ မပြောဘူး၊ သူ့ဟာသူပဲ ရွှေ့ကုန်ကြတာ”လို့ စဉ့်ကူးနယ် လက်ပန်လှ ရွာခံ တစ်ဦးက MFP ကို ပြောပါတယ်။

တချိန်တည်းမှာပဲ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုကလည်း စစ်ဘေးရှောင်ပြည်သူတွေကို လိုက်လံ ဗုံးကြဲ သတ်ဖြတ်နေပြီး ယခု ရက်ပိုင်းအတွင်း စစ်ဘေးရှောင်ပြည်သူတွေ ယာယီခိုလှုံနေတဲ့ စာသင်ကျောင်းတွေ တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရလို့ သေဆုံးသူ ဆယ်ချီရှိခဲ့ပါတယ်။

နိုဝင်ဘာ ၇ ရက်က မတ္တရာနယ်က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ ယာယီခိုလှုံရာ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရွာ စာသင်ကျောင်းတွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် စစ်ဘေးရှောင်ပြည်သူ ခြောက်ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး နိုဝင်ဘာလ ၁၂ရက်ကလည်း စဉ့်ကူးမြို့နယ်၊ မာလဲတောကျေးရွာ စာသင်ကျောင်းကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ စာသင်ကျောင်းထဲမှာ စစ်ဘေးရှောင်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ငါးဦး ထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။

လေကြောင်းအားကိုး၊ တရုတ်အားကိုးနဲ့ တန်ပြန်ထိုးစစ်ဆင်နေတဲ့ စစ်အုပ်စုက စစ်ရှုံးထားတဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း ဒေသတွေကို ဒီဇင်ဘာလမှာ လုပ်မယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ မတိုင်မီ ပြန်လည်သိမ်းယူမယ်လို့ ကြွေးကြော်ထားပါတယ်။

မတ္တရာနယ် ရေနံ့သာရွာ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့စဉ်နဲ့ ရေနံ့သာတိုးဂိတ်ကို တွေ့ရစဉ်/Photo – ပေးပို့၊ MDY-PDF

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button