စစ်ကိုင်းသတင်း

မုံရွာမှာ ပေါ်တာဆွဲတဲ့ စစ်အုပ်စုက ပြေးတဲ့ လူငယ်ကို ပစ်သတ်ပြီး PDF မို့ သတ်တာလို့ သတင်းဖြန့်၊

မုံရွာမြို့အနှံ့ စစ်အုပ်စုက အိမ်စီးကားတွေ သုံးကာ ပေါ်တာလိုက်ဆွဲနေ၊

ဒေါ်လာ/MFP၊ နိုဝင်ဘာ – ၁၆

စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့မှာ လမ်းသွားလမ်းလာ လူငယ်လူရွယ်တွေကို လိုက်လံဖမ်းဆီးကာ ငွေညှစ်၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေတဲ့ စစ်အုပ်စုက အဖမ်းမခံဘဲ နောက်ပြန်လှည့်ပြေးတဲ့ လူငယ်တစ်ဦးကို ပစ်သတ်ပြီးနောက် PDF မို့ သတ်လိုက်တာလို့ လိမ်ညာ သတင်းဖြန့်ပါတယ်။

နိုဝင်ဘာ ၁၄ရက်က မုံရွာမြို့ စီးပွားရေးတက္ကသိုလ်အနီး၊ မုံရွာ – ကျောက္ကာလမ်း၊ ဇလုပ် အဝိုင်းပတ် အနီးမှာ ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်အုပ်စုက အနက်ရောင် စကူဖီဆိုင်ကယ် စီးလာတဲ့ လူငယ်တစ်ဦးကို ပစ်သတ်တာလို့ မုံရွာမြို့ခံ မြေပြင်ကင်းထောက်တစ်ဦးက ဆိုပါတယ်။

“ကိုင်းတော လမ်းခွဲ မှာ စကူဖီ ( ဆိုင်ကယ်) စီး လူငယ်တစ်ဦး စစ်ဆေးမခံဘဲ ဆိုင်ကယ်မောင်း ပြေးလို့ ပစ်သတ်ခံလိုက်ရ”

အဲ့ဒီ သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး PDF မို့ သတ်တာလို့ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုက လိမ်ညာ သတင်းဖြန့်ပါတယ်။

“မုံရွာအနီး ဇလုပ်ဝိုင်းနားမှာ မနေ့ မနက်ပိုင်းက ဆက်ကြေးကောက်ဖို လာတဲ့ ပဒက် တစ်ကောင်တော့ ကင်းပုန်းနဲ့တိုးပြီး ရှော” လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

စစ်အုပ်စုဟာ မုံရွာမြို့အနှံ့ အိမ်စီးကားတွေနဲ့ ပတ်ကာ တွေ့သမျှ လူငယ်လူရွယ်တွေကို ဖမ်းဆီးကာ ငွေညှစ်၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေတာလို့ မြို့ခံတွေက ပြောပါတယ်။

ယမန်နေ့ နိုဝင်ဘာ ၁၄ရက်က အထက်ပါ မုံရွာ – ကျောက္ကာလမ်း၊ ဇလုပ်အဝိုင်းပတ်အနီးမှာ လူငယ်တစ်ဦး ပစ်သတ်မခံရမီ ရည်းစားနဲ့ချိန်းတွေ့ပြီး ပြန်လာတဲ့ စကူဖီဆိုင်ကယ် အနက်ရောင်နဲ့ လူငယ်တစ်ဦးလည်း ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံ မြေပြင်ကင်းထောက်က ဆိုပါတယ်။

နိုဝင်ဘာ ၁၄ရက်က မုံရွာ – ကျောက္ကာလမ်းပေါ်မှာပဲ စစ်အုပ်စုက အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေနဲ့ အဖွဲ့ ခွဲကာ ဖမ်းဆီး ပေါ်တာဆွဲ၊ ငွေညှစ်တာတွေ လုပ်နေတာ တွေ့ရပြီး မနက်ပိုင်းက ဇလုပ်အဝိုင်းမှာ ပေါ်တာဆွဲသလို ညနေပိုင်းမှာလည်း နေဇာလမ်း နဲ့ ကျောက္ကာလမ်းဆုံမှာ အလုပ်ပြန် လူငယ်တွေကို ကားတစ်စီးအပြည့် ပေါ်တာဆွဲသွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ဖမ်းမိတဲ့ လူငယ်တွေကို ကျပ်သိန်းရာချီ ငွေညှစ်ပြီး ငွေပေးနိုင်သူကို ပြန်လွှတ်ပေးကာ ငွေမပေးနိုင်သူတွေကိုတော့ အသေခံ စစ်သားသစ်အဖြစ် စုဆောင်းနေတာလို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ ဖမ်းဆီး ငွေညှစ်၊ ပေါ်တာဆွဲမှုတွေကြောင့် မုံရွာမြို့အနီး ကျေးရွာ၊ ရပ်ကွက်တွေကနေ မုံရွာမြို့ပေါ်ကို လူငယ်လူရွယ်တွေ အလုအ်လာမလုပ်ဝံ့တော့ဘဲ မြို့ပေါ်မှာလည်း လုပ်သားရှားပါးမှု ကြုံနေရကာ စီးပွားရေး လုပ်ငန်းအများစုလည်း ရပ်နားထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မုံရွာမှာ ပေါ်တာဆွဲတဲ့ စစ်အုပ်စုက အဖမ်းမခံဘဲ ပြန်လှည့်ပြေးတဲ့ လူငယ်ကို ပစ်သတ်ပြီးနောက် အမှုဆင် ရိုက်ကူးထားတဲ့ ပုံနဲ့ မုံရွာမြို့အနှံ့ ပေါ်တာဆွဲရာမှာ စစ်အုပ်စု အသုံးပြုတဲ့ ကားတွေ/Photo – CJ

Related Articles

Back to top button