စစ်ကိုင်းသတင်း

စစ်အုပ်စု ဖမ်းဆီးထားတဲ့ ဝက်လက်နယ် မောက္ကဒီးရွာခံ ၃၀ ကျော်ကို နှစ်ပတ်ကြာတဲ့အထိ ပြန်မလွတ်လာသေး

နန်းယု/MFP၊နိုဝင်ဘာ -၁၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက မောက္ကဒီးရွာနဲ့ ရွာသာကြီးတို့ကို စစ်အုပ်စုက နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာ စီးနင်းဝင်ရောက်ပြီးနောက် ဒေသခံ ၈၀ ကျော်ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး အမျိုးသား ၃၀ ကျော်ကို ဆက်လက်ဖမ်းဆီးထားပြီး နှစ်ပတ်ကျော်ကြာတဲ့အထိ ပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြို့အနောက်ခြမ်း ရွာသာကြီးရွာ စစ်အုပ်စုအထိုင်စခန်းကနေ အင်အား ၅၀ ကျော်ခန့်ဟာ နိုဝင်ဘာ ၃ရက်က မောက္ကဒီးရွာကို စီးနင်းဝင်ရောက်ပြီးနောက် ဒေသခံတွေကို ဖမ်းဆီးခဲ့ပြီး စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

” ရွာသာကြီး ဘက်က လာတဲ့ စစ်အုပ်စုက စစ်ကြောင်းထိုးဝင်လာတော့ ရွာကလူများအားလုံး ကလေးလူကြီးပါမကျန် အပစ်ခတ်တွေ ကြားကနေ ပြင်ဆင်ချိန် မရှိဘဲ စပါးခင်းတွေကနေ ရွာအပြင်ရောက်ပီးရောဆိုပီးထွက်ကြရတယ်။ ရွာမှာ မြောက်ကနေဝင်လာတော့ ထွက်စရာလမ်းက အနောက်ပေါက်တစ်လမ်းပဲရှိတယ်ဗျ။ အဲဒီမှာ ထွက်ပေါက်ကနေ ထိုင်စောင့်နေတဲ့ ဘယ်သူမှမသိတဲ့ ဘယ်ကမှ သတင်းမရတဲ့ တပ်မ၃၃ ကလာတဲ့ ခွေးကြောင်းက ပစ်ခတ်မှုမပြုသေးပဲ ထွက်လာသမျှ ပြည်သူတွေကို ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်ဗျ။ အဲဒီမှာ ပြည်သူ ၈၀ ဝန်းကျင်

လောက် ဖမ်းမိပြီး အခုအချိန်ထိ အမျိုးသား ၃၁ ဦးကို ရွာသာကြီးက ခွေးစခန်းမှာ ဖမ်းထားဆဲဖြစ်တယ်ဗျ ” မောက္ကဒီးရွာခံ တစ်ဦးက  ပြောပါတယ်။

ဆက်လက် ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေ ဒီနေ့အထိ ရွာသာကြီးရွာမှာ ရှိနေသေးပြီး ပြန်လည်လွတ်မြောက်လာဖို့အတွက် မိသားစုဝင်တွေအနေနဲ့  ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံတွေနဲ့ ပတ်သတ်ပြီး MFPအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို အသေးစိတ် သိရဖို့အတွက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုရန်ကြောင့် ရွာသာကြီး၊ ထုံးဘို၊ တံတားဦး၊ တမာကုန်း ၊ ရွာတော်ကုန်း၊ ဥတည်ကုန်း၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာနဲ့ မြောက်ရွာ ၊ လှတော၊ လှည်းဦးကြီးကုန်း၊ နှမ်းကြီးကုန်း၊ ရွှေဒါး၊ ယင်းမတော၊ ကုက္ကိုလ်စု၊ ငှက်ပြောတော၊ တကောင်းတောင်၊ ကဒူး စတဲ့ ဝက်လက်နယ် ကျေးရွာ ၂၀ကျော် က ထောင်သောင်းချီတဲ့ ဒေသခံပြည်သူ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

စစ်ကိုင်းငလျင်လှုပ်ခတ်ပြီး တစ်လမပြည့်ခင် ဧပြီလကစလို့ စစ်အုပ်စုက ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပြီး လက်ရှိမှာတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နယ်မြေရှင်းလင်းတဲ့အနေနဲ့ စစ်ရှိန်မြှင့်ကာ စစ်ကြောင်းထိုး မီးရှို့နေသလို စစ်ကိုင်း – ရွှေဘို လမ်းပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာလို့ ဒေသခံတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button