ထင်လင်း/MFP၊ နိုဝင်ဘာ – ၁၉
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲ စစ်အုပ်စုက စစ်ကြောင်းထိုးကာ တွေ့သမျှပြည်သူကို ရန်ပြု သတ်ဖြတ်နေလို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အသက် ၉၃ နှစ်အရွယ် အဘွားအိုတစ်ဦး ခရီးပန်းကာ သေဆုံးတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
သေဆုံးသူ အဘွားဟာ ကျန်းမာရေး ကောင်းမွန်သူဖြစ်ပြီး စစ်အုပ်စု ရန်က လွတ်ဖို့ မိသားစုနဲ့အတူ မတ္တရာနယ်ကနေ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ဘက် စစ်ဘေးရှောင်လာသူ ဖြစ်ကာ နိုဝင်ဘာ ၁၇ရက် ညပိုင်းက ရုတ်တရက် ဆုံးပါးသွားတာလို့ ကျန်ရစ်သူ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“မိုင်ဆယ်ချီပြီး ထွက်ပြေးခဲ့ရတာကြောင့် ခရီးပန်းတာရယ်၊ နှလုံးရောဂါ အခံရယ်၊ ရာသီဥတု အပြောင်းအလဲ ဖြစ်တာရယ်ကြောင့် ဆုံးတာ”
လက်ရှိမှာ မင်အောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ မတ္တရာနယ်ထဲ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို ဗုံးကြဲတာ၊ လက်နက်ကြီး ထုတာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေကြောင့် မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ မန္တလေး-မိုးကုတ် ကားလမ်းတလျှောက် ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
အဲ့ဒီ မတ္တရာနဲ့ စဉ့်ကူးနယ်ထဲ မနေရဲလို့ မန္တလေးဘက် သွားရောက်တဲ့ ပြည်သူတွေကို စစ်အုပ်စုက အစစ်အဆေး တင်းကြပ်ငွေညှစ်တာ၊ မှတ်ပုံတင် သိမ်းယူတာ၊ ရွေးကောက်ပွဲအတွက် မဲထည့်ခိုင်းတာမျိုးတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အစပ်ရှိ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပြီး စစ်ဘေးဒုက္ခသည်တွေအတွက် စားသောက်နေထိုင်ရေး အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။
မတ္တရာနယ် ဆည်တော်ကြီးတဝိုက်နဲ့ မန္တလေး-မိုးကုတ် ကားလမ်းတလျှောက် ကျေးရွာတွေရှိ ထွက်မပြေးနိုင်ဘဲ ကျန်နေတဲ့ ပြည်သူတွေကို စစ်အုပ်စုက ဖမ်းဆီးကာ အမျိုးသားတွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေတယ်လို့လည်း ထွက်ပြေးတိမ်းရှောင်လာသူတွေက MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လည်ပိုင်းက စကာ မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာ၊ မတ္တရာမြို့နယ်အတွင်းရှိ အရေးပါတဲ့ စစ်စခန်း အများအပြား အပါအဝင် စဉ်ကူးနဲ့ သိတ်ကျင်းနယ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF နဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။
ယခုနှစ် ဇူလိုင်လအတွင်းမှာတော့ စစ်အုပ်စုက လေကြောင်းအားကိုး၊ တရုတ်အားကိုးနဲ့ စစ်ရှုံးထားတဲ့ နယ်မြေတွေ ပြန်ရရေး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
မတ္တရာမြို့ကတဆင့် မန္တလေး-မိုးကုတ် ကားလမ်းအတိုင်း တိုးလာတဲ့ စစ်အုပ်စုဟာ လက်ရှိမှာတော့ ဥက္ကံကျေးရွာနဲ့ စကျင်ကျေးရွာနားအထိ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။
“ဥက္ကံကို ရောက်သွားပြီ၊ ပြီးတော့ စကျင်က အမတ်ကြီးတောင်ကို သူတို့ တက်သွားပြီ၊ တိုက်ပွဲတော့ အနည်းအကျဉ်း ဖြစ်တယ်၊ တိုက်ပွဲဖြစ်ပြီးတော့ အနည်းငယ် ဆုတ်ပေးတယ်ပေါ့ဗျာ၊ စကျင်ကတော့ အမတ်ကြီးတောင်ပေါ်တော့ တက်နေပြီ၊ မနေ့ကတည်းက၊ ဒါပေမယ့် ဒီနေ့တော့ အဲ့တောင်မှာပဲ၊ ဒီဘက်ကို တက်လာတာ မရှိသေးဘူး၊ ရေနံ့သာ လမ်းခွဲဘက်ရောက်တဲ့ စစ်ကြောင်းကတော့ ဥက္ကံဘက် ရောက်တယ် ပြောတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်အုပ်စုက မတ္တရာနယ်ထဲရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး စစ်ကြောင်းထိုးရာမှာ တရုတ်က ပံ့ပိုးထားတဲ့ ဒရုန်းတွေကို အဓိက အသုံးပြုသလို ကျေးရွာတွေနဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေပါမချန် လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးတွေ ပစ်ကူကာ ရှေ့တိုးနိုင်ဖို့ ကြိုးစားလာတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စုက မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာက စစ်စခန်းတွေကို ပြန်လည် သိမ်းယူနိင်သွားပြီ ဖြစ်သလို မတ္တရာနယ်က စစ်စခန်းအများအပြားကိုလည်း ပြန်လည် သိမ်းယူနိုင်နေပြီ ဖြစ်ပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာရုံး (UNOCA) ရဲ့ စာရင်းအရ ယခု ၂၀၂၅ နိုဝင်ဘာလအထိ မြန်မာနိုင်ငံတဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၆သန်း ရှိပြီး အောက်တိုဘာနဲ့ နိုဝင်ဘာလဆန်းပိုင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက် တိုးလာကာ စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရတဲ့ မတ္တရာနယ်က စစ်ရှောင်ပြည်သူတွေ/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မန္တလေး #မတ္တရာ



