မန္တလေးသတင်းအညာမြေ တော်လှန်ရေး

MDY-PDF ဗဟိုဦးဆောင်ကော်မတီဝင် ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးတို့ကို တပ်ဖွဲ့ပိုင်ပစ္စည်း အလွဲသုံးစားမှုနဲ့ ဖမ်းဆီး၊

ဆောင်းနွေဦး/MFP၊ နိုဝင်ဘာ – ၂၁

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် နှစ်ဦးဖြစ်တဲ့ ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နဲ့ ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ကို တန်ဘိုးကြီးတဲ့ တပ်ဖွဲ့ပိုင်ပစ္စည်း အလွဲသုံးစားလုပ်မှုနဲ့ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ်ရဲ့ အမိန့်နဲ့ MDY-PDF ဗဟိုကော်မတီဝင် နှစ်ဦးဖြစ်တဲ့ ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးတို့ကို နိုဝင်ဘာ ၁၅ရက်မှာ ဖမ်းဆီးအချုပ်ချထားကာ လက်ရှိ တာဝန်တွေက ရပ်စဲပြီး လက်နက်လည်း ဖြုတ်သိမ်းထားတယ်လို့ ဆိုပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ဗဟိုဦးဆောင်ကော်မတီဝင် (၂) ဦးဖြစ်သော ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နှင့် ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့သည် ကာလတန်ဖိုးကြီးမားသော တပ်ပိုင် ဘဏ္ဍာပစ္စည်းအချို့ကို တပ်၏ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ကာ တရားမဝင် ထုတ်ယူသွားခဲ့ကြောင်း၊ ဤဖြစ်စဉ်အတွက် အပြစ်ရှိကြောင်း၊ အဆိုပါ ဘဏ္ဍာပစ္စည်းများကို တပ်ထံသို့ အမြန်ဆုံး ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း၊ ဤပြစ်မှုအတွက် တပ်က ပေးအပ်သည့် ပြစ်ဒဏ်ကို ခံယူမည်ဖြစ်ကြောင်းကို လွန်ခဲ့သည့် (ဩဂုတ်လ ၂၀၂၅ ) တွင် ပြုလုပ်ခဲ့သော ၎င်းတို့ ကိုယ်တိုင် ပါဝင်တက်ရောက်သော ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါသည်။ ဤဆုံးဖြတ်ချက်များကို (စက်တင်ဘာလ ၂၀၂၅ ) တွင် ကျင်းပခဲ့သော တပ်၏ တပ်မှူးများ (၆) လပတ် စုံညီအစည်းအဝေးတွင်လည်း ထပ်လောင်း အတည်ပြုပြီး ဖြစ်ပါသည်။ သို့ဖြစ်သော်လည်း၊ အဆိုပါကာလက တော်လှန်ရေး အခြေအနေအရလည်းကောင်း၊ ၎င်းတို့နှစ်ဦး၏ မေတ္တာရပ်ခံ တင်ပြချက်အ ရလည်းကောင်း၊ အခြား ထောက်ရှုရမည့် အခြေအနေများအရလည်းကောင်း ပြစ်ဒဏ်များကို လက်တွေ့ ချမှတ်ခြင်း မပြုသေးဘဲ ယာယီဆိုင်းငံ့ခဲ့ပါသည်။ သို့ရာတွင် ၎င်းတို့သည် ယခုအချိန်အထိ အဆိုပါ ဘဏ္ဍာပစ္စည်းများကို တပ်ထံ ပြန်လည်အပ်နှံခြင်း မရှိသကဲ့သို့ ဤအတွက် မည်သို့သော ဖြေရှင်းမှုမှ အသိပေးပြောဆိုခြင်း မရှိပါ။ သို့ပါ၍ ဤပြစ်မှုသည် တပ်ဖွဲ့တွင်း သာမန် စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုအဆင့်ကို ကျော်လွန်ကာ ကြီးမားသည့် ပြစ်မှုအမျိုးအစားအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်ဟု ကနဦးအဆင့် ကောက်ချက်ချနိုင်ပါသည်။ အထက်ပါကိစ္စရပ်များကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်သို့ တင်ပြကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ဗဟိုဦးဆောင်ကော်မတီဝင် (၂) ဦးဖြစ်သော ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နှင့် ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ကို (၁၅ ရက် နိုဝင်ဘာလ ၂၀၂၅ ခု) မှစတင်ကာ ကနဦးအားဖြင့် အောက်ပါအတိုင်း အပြစ်ပေး အရေးယူထားပါသည်- (က) ၎င်းတို့နှစ်ဦးလုံးကို တပ်၏ လက်ရှိတာဝန်အားလုံးမှ ရပ်ဆိုင်းခြင်း၊ (ခ) ၎င်းတို့နှစ်ဦးလုံးကို လက်နက်ဖြုတ်သိမ်း၍ အချုပ်ဖြင့် ထိန်းသိမ်းထားရှိခြင်း” လို့ MDY-PDF က ဖော်ပြပါတယ်။

ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးတို့ဟာ MDY-PDF ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်တဲ့အပြင် ကျူးလွန်ထားတဲ့ ပြစ်မှုအရ သာမန်တပ်တွင်း စီရင်ဆုံးဖြတ်မှုနဲ့ ဆောင်ရွက်ဖို့ မသင့်တဲ့အတွက် အထက်ရုံးဖြစ်တဲ့ PDF စစ်ရုံးချုပ်က အမှုတွဲ ဖြစ်စဉ်ကို လိုအပ်သလို ဆုံးဖြတ် ဆောင်ရွက်နိုင်ဖို့ သတင်းပို့တင်ပြထားတယ်လို့ MDY – PDF က ဆိုပါတယ်။

ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးတို့ရဲ့ ကျူးလွန်ခဲ့တယ်ဆိုတဲ့ တပ်ဖွဲ့ပိုင်ပစ္စည်း အလွဲသုံးစားမှုဟာ ယခုမှ ဖြစ်ပွားတာ မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကျူးလွန်ခဲ့တာ ဖြစ်ပြီး MDY-PDF တပ်ဖွဲ့တွင်း ဖမ်းဆီးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးကြောင်း ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ကနဦး သတင်းထွက်ပေါ်ကတည်းက MDY-PDF တပ်ဖွဲ့တွင်း လိုအပ်တဲ့ အစားထိုးပြောင်းလဲမှုတွေ လုပ်ဆောင်ထားပြီးဖြစ်လို့ ယခုကိစ္စကြောင့် MDY-PDF ရဲ့ စစ်ရေးနဲ့ စီမံရေးကိစ္စတွေ ရုတ်တရက် ထိခိုက်တာမျိုး မရှိနိုင်ဘူးလို့ ယူဆကြောင်းလည်း ဒေသတွင်း တော်လှန်ရေး အင်အားစုတွေက သုံးသပ်ပါတယ်။

ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးတို့ကို ဖမ်းဆီးရာမှာလည်း NUG၊ MOD က လျှို့ဝှက်လုပ်ဆောင်ခဲ့တာလို့ အဲဒီ အခြေအနေကို သိတဲ့ ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

“ဖမ်းတဲ့ဆီးတဲ့ ကိစ္စမှာ ပကဖတွေ ဘက်က ပါဝင်ပတ်သက်တာမျိုး မရှိပါဘူး။ ရှင်းရှင်းပြောရရင် သိတောင်မသိဘူး။ ဖမ်းပြီး နှစ်ရက်လောက်မှ သိရတာပါ။ MOD က လူအနည်းအကျဉ်းကို အကြောင်းကြားပြီး တိုက်ရိုက် ဖမ်းသွားတာပါ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပကဖ ဘက်က သူတို့နဲ့ ပတ်သက်တာမျိုး မရှိပါဘူး”

ယခုလို MDY-PDF ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦး ဖမ်းဆီးခံရတဲ့ကိစ္စဟာ တပ်တွင်းကိစ္စသာ ဖြစ်ပေမယ့် သတင်းမှားတွေ မပြန့်စေဖို့နဲ့ တော်လှန်ရေးအပေါ် သက်ရောက်မု မရှိစေဖို့ ထုတ်ပြန်တာလို့လည်း MDY-PDF က ဆိုပါတယ်။

“ယခုဖြစ်စဉ်ကို အကြောင်းပြုကာ မလိုလားအပ်သော သတင်း အချက်အလက် အလွဲအမှားများ၊ တော်လှန်ရေးအကျိုးကို ထိခိုက်စေမည့် ကောလဟာလအမှားများ ပေါ်ပေါက်လာမည့် အရိပ်အယောင်များ ကြားသိနေရ၍ တော်လှန်ရေးအကျိုးကို ရှေးရှုကာ ဤကဲ့သို့ သတင်း ထုတ်ပြန်ရခြင်း ဖြစ်ပါသည်”

MDY-PDF ဟာ တအာင်းတပ်မတော် – TNLA နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပါဝင်ခဲ့သလို ၁၀၂၇ ရဲ့ ဟန်ချက်ညီ စစ်ဆင်ရေးဖြစ်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးမှာလည်း NUG ကွပ်ကဲမှုအောက်က PDF တပ်ရင်း တပ်ဖွဲ့တွေ၊ ဗျူဟာတွေကို ဦးဆောင်ကာ တိုက်ပွဲဝင်ခဲ့ပြီး လက်ရှိမှာ မန္တလေးတိုင်း စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာနယ်က မြို့၊ရွာတွေနဲ့ စစ်စခန်း အများအပြားကို သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။

MDY-PDF ဟာ ကနဦးက MOD ရဲ့ ကွပ်ကဲမှု အောက်မှာ ရှိတဲ့ PDF တပ်ရင်း အမှတ် -၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅ ဆိုတဲ့ တပ်ရင်း ငါးရင်းနဲ့ စုဖွဲ့ထားတဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။

ကိုမုန်တိုင်းနဲ့ MDY-PDF တပ်ဖွဲ့ဝင်တွေကို စဉ့်ကူးမြို့ကို သိမ်းပိုက်ပြီးစ ၂၀၂၄ နှစ်လယ်ပိုင်းက တွေ့ရစဉ်/Photo – MDY-PDF

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button